ငွေကြေးအခက်အခဲရှိပေမဲ့ ကောက်တွေ့တဲ့ပိုက်ဆံအိတ်ကို ပိုင်ရှင်ထံ ပြန်ပေးခဲ့တဲ့ ကောင်လေး

13-9-2021-yyl10.jpg

အသက် ၁၁ နှစ်သာ ရှိသေးတဲ့ ဗင်နစ် ဟိုက်ပက် (Vince Hietpas) အမည်ရတဲ့ ကောင်လေး လမ်းမပေါ် ပိုက်ဆံအိတ်တစ်အိတ်ကို ကောက်ရခဲ့တယ်။ အဲဒီကလေးလေးကို ရိုးသားတဲ့သူလို့ ဆိုရမှာပါပဲ။ သူ့မိသားစုက ငွေကြေးပြဿနာတွေ ရင်ဆိုင်နေရပေမဲ့ ကောက်တွေ့တဲ့ ပစ္စည်းကို ပိုင်ရှင်ရဲ့လက်ထဲ ကိုယ်တိုင်ကိုယ်ကျ သွားအပ်ခဲ့လို့ပါ။ တခြားသူရဲ့ပိုက်ဆံအိတ်ကို ဗင်နစ်က သူ့ရဲ့ဖခင် လောရန်ဇို (Lorenzo) နဲ့အတူ Voyager Park တစ်လျှောက် လမ်းလျှောက်နေတုန်း ကောက်တွေ့ခဲ့ကြတာပါ။ ကောက်တွေ့တဲ့ ပိုက်ဆံအိတ်မှာ ယာဉ်မောင်းလိုင်စင်ပါတဲ့အတွက် ပိုင်ရှင်ဆီ ပိုက်ဆံအိတ်ပြန်ပေးဖို့ လိပ်စာ သိခဲ့ရပါတယ်။

ပိုက်ဆံအိတ်ပိုင်ရှင် ချေ့စ် ဒေါကီ ( Chase Dahlke) က Voyager Park မှာ ငါးမြှားထွက်ရင်းနဲ့ ပိုက်ဆံအိတ်ကျကျန်ခဲ့မှန်းသိခဲ့ရတာပါ။ ဗင်နစ် ပြန်လာမပေးခင်ထိ ပိုက်ဆံအိတ်ပြန်မရနိုင်တော့ဘူးလို့ မှတ်ယူထားခဲ့တာပါ။ ဗင်နစ်က ဒေါကီတို့ အိမ်ရှေ့ရောက်တဲ့အချိန်မှာ ဒေါကီက အိမ်နီးချင်းရဲ့အိမ်မှာ ရှိနေတာပါ။ ဒေါကီရဲ့ ဖခင် ဂျက်ဆန်ကတော့ အိမ်ထဲမှာ ရှိနေတဲ့အတွက် ပိုက်ဆံအိတ်လေးကိုင်ပြီး ရပ်နေတဲ့ ကောင်လေးကို လူခေါ်ခေါင်းလောင်းကင်မရာကနေ မြင်တွေ့ခဲ့ရပါတယ်။ ဂျက်ဆန်က အရမ်းပျော်ရွှင်ပြီး ဗင်နစ်ကို ငွေသားအများကြီးပေးချင်ပေမဲ့ ၂ ဒေါ်လာပဲ ပေးနိုင်ခဲ့ပါတယ်။ ဗင်နစ်က ၂ ဒေါ်လာ လက်ခံဖို့ကိုပဲ စိတ်လှုပ်ရှားနေခဲ့တာပါ။ အဲဒီနောက် ဗင်နစ်က အိမ်ပြန်သွားခဲ့ပါတယ်။

ဒေါကီရဲ့မိထွေး မီရှယ် ( Michelle) ကလည်း ဗင်နစ်ရဲ့ရိုးသားတဲ့စိတ်ဓာတ်ကို သိပြီး ဒီထက်ပိုပြီး တစ်ခုခုလုပ်ပေးချင်ခဲ့ပါတယ်။ ဒါကြောင့် လူခေါ်ခေါင်းလောင်းကင်မရာက ဗင်နစ်ရဲ့ပုံတွေကို အသုံးပြုပြီး ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။ “ဒီကလေးလေးကို ဘယ်သူသိကြလဲ။ ကျွန်မတို့ သူ့ကို ကျေးဇူးဆပ်ချင်လို့ပါ။ သူ့နဲ့သူ့ဖခင်ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီကမ္ဘာကြီးမှာ အမုန်းတရားတွေ၊ မကောင်းတဲ့အမြင်တွေ အရမ်းများပါတယ်။ အကောင်းမြင်စိတ်လေးတွေ ထားဖို့ အချိန်ရောက်ပါပြီ။ ဒီကလေးနဲ့ သူ့ရဲ့ဖခင်တို့က Voyageur Park မှာ ချေ့စ်ရဲ့ပိုက်ဆံအိတ်ကို ကောက်တွေ့ခဲ့တာပါ။ ပိုက်ဆံအိတ်ထဲက ချေ့စ်ရဲ့ပိုင်ဆိုင်တဲ့အရာမှန်သမျှကို ပြန်မပေးဘဲ ယူထားမယ့်အစား ချေ့စ်ရဲ့ယာဉ်မောင်းလိုင်စင်ထဲက လိပ်စာအတိုင်း ပိုက်ဆံအိတ်ကို ပြန်လာပေးခဲ့ပါတယ်။ ဒီကမ္ဘာပေါ်မှာ ဒီလို ရိုးသားဖြူစင်တဲ့ လူတွေရှိပါသေးတယ်။ ဒီလိုကလေးမျိုးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကြင်နာတတ်တဲ့ ဆရာ” လို့ ရေးသားခဲ့ပါတယ်။

မကြာခင်မှာပဲ မီရှယ်က ဗင်နစ်တို့သားအဖနဲ့ ပြန်ပြီး အဆက်အသွယ်ရခဲ့ပါတယ်။ ဗင်နစ်ရဲ့ဖခင်က အသားငါးထုပ်ပိုးတဲ့စက်ရုံက အလုပ်သမားဖြစ်ပြီး မကြာသေးခင်ကမှ ကိုဗစ်ရောဂါကနေ ပြန်လည်ကောင်းမွန်လာခဲ့တာပါ။ သူ့မိသားစုကို အလုပ်မျိုးစုံလုပ်ပြီး ရုန်းကန်ရှာဖွေကျွေးမွေးနေခဲ့တာပါ။ အခက်အခဲပြဿနာတွေရှိပေမဲ့ သူတို့သားအဖက ပိုက်ဆံအိတ်ကို ချက်ချင်းပဲ ပိုင်ရှင်ဆီ ပြန်ပေးခဲ့တာပါ။ မီရှယ်က ဗင်နစ်နဲ့ သူ့မိသားစုကို ကူညီပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဗင်နစ်တို့မိသားစုအတွက် GoFundMe ထောင်ပြီး ဒေါ်လာ ၁၅၀၀၀ ရှာနိုင်ခဲ့ပါတယ်။

မီရှယ်က ဗင်နစ်ကို ဘာလိုချင်လဲလို့ မေးခဲ့ပါသေးတယ်။ ဗင်နစ် ဖြေခဲ့တာက သူလိုချင်တဲ့အရာအားလုံးက ခြေအိတ်တွေပါပဲတဲ့။ သူနဲ့သူ့အဖေတို့က ခြေအိတ်ကို မျှသုံးခဲ့ပြီး အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရလို့ပါတဲ့။

Ref: Ronproject.com “Honest 11-year-old returns lost wallet even though his family has money problems”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top