ကြောင်လေးတစ်ကောင်ကို အမေရိကန်အလံသုံးပြီး ကယ်တင်ခဲ့တဲ့ ဘောလုံးချစ်ပရိသတ်တွေ

16-9-2021-yyl1-1.jpg

ပြီးခဲ့တဲ့စနေနေ့က University of Miami နဲ့ Appalachian State University တို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘောလုံးပွဲမှာ ထူးခြားတဲ့ ဂိုးဖမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဂိုးဖမ်းခဲ့တာက ဘောလုံးတစ်လုံးတော့မဟုတ်ပါဘူး။ ကြောင်တစ်ကောင်ကိုပါ။ တက္ကသိုလ်ဘောလုံးပွဲ ကျင်းပရာ အားကစားကွင်းမှာ ပွဲလာရောက်ကြည့်ရှုခဲ့ကြတဲ့ ဘောလုံးချစ်ပရိသတ်တွေအားလုံးပူးပေါင်းပြီး အပေါ်ထပ်ကနေ ပြုတ်ကျတော့မယ့် ကြောင်တစ်ကြောင်ကို ဖမ်းပေးခဲ့ကြတာပါ။ အသက်ဘေးရင်ဆိုင်ရတော့မယ့် ကြောင်လေးကို အမေရိကန်အလံနဲ့ ဖမ်းပြီးကယ်တင်ပေးခဲ့တဲ့ ဗီဒီယိုက လူမှုကွန်ယက်ကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ အားကစားကွင်းရဲ့အပေါ်ထပ်ကနေ တွဲလောင်းကျနေ ကြောင်လေးတစ်ကောင်ကို မြင်တွေ့ရပါတယ်။ ကြောင်လေးက ပြုတ်မကျအောင် လက်ရန်းကို ခြေသည်းလက်သည်းတွေနဲ့ ကုတ်ခြစ်ထားပါတယ်။ လူတစ်ယောက်က ကယ်တင်ဖို့ လာပေမယ့် ကြောင်လေးကို လှမ်းဖမ်းဆွဲလို့မရခဲ့ပါဘူး။

ကြောင်လေးရဲ့အောက်မှာ ကြည့်နေကြတဲ့ ဘောလုံးချစ်ပရိသတ်တွေကလည်း ပြုတ်ကျလာတော့မယ့် ကြောင်လေးကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဲဒီလူအုပ်ကြီးက အမေရိကန်အလံကို ကိုင်ထားပြီး ကြောင်လေးကို ဖမ်းခဲ့ကြပါတယ်။ အဲဒီအလံရဲ့ပိုင်ရှင်က တစ်ရာသီစာလက်မှတ်ကို ကိုင်ဆောင်ထားသူ ခရိတ် ခရိုမာ (Craig Cromer) နဲ့ သူ့ဇနီး ကင်ဘာလီ (Kimberly) တို့ဖြစ်ပါတယ်။

ခရိတ်တို့ဇနီးမောင်နှံက ပွဲကြည့်ပရိသတ်တွေ ကြောင်လေးကို ကယ်တင်နေတာမြင်တော့ လက်ရန်းမှာ ချည်ထားတဲ့ အလံကို ဖြုတ်ပေးခဲ့တာပါ။ “သူတို့တွေ တွဲလောင်းကျနေတဲ့ ကြောင်လေးကို ဖမ်းစုပ်ဖို့ ကြိုးစားနေကြတာပါ။ ဒါပေမဲ့ လက်လှမ်းမမှီနိုင်ခဲ့ဘူး။ ကြောင်လေး ပြုတ်ကျသွားမှာကို ကြောက်နေကြတာ” လို့ ခရိတ်က ပြောပါတယ်။

အမေရိကန်အလံနဲ့ ကြောင်လေးကို အန္တရာယ်ကင်းကင်းနဲ့ ကယ်တင်ပြီးသွားတဲ့အချိန်မှာ အားကစားကွင်းထဲက လူတွေအားလုံးရဲ့လက်ခုပ်သံများဆူညံသွားခဲ့ပါတယ်။

Ref: NBCNews “Video shows Florida football fans use a U.S. flag to rescue cat that fell from upper deck”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top