ရက်ပေါင်း ၁၂၀ ကြာ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်အတွင်း ဗုဒ္ဓဘာသာဘုန်းကြီး ၂၄ ပါးနဲ့အတူ လိုက်ပါနေတဲ့ သစ္စာရှိအဖော်တစ်ဦးကတော့ ကမ္ဘာ့တစ်ဝှမ်းက လူအများကို ဆွဲဆောင်လို့နေပါတယ်။ သူကတော့ အာလောကလို့ အမည်ရတဲ့ ခွေးလေးတစ်ကောင်ပါ။
ဗုဒ္ဓဘာသာဘုန်းကြီးအဖွဲ့က အိန္ဒိယမှာ ပြုလုပ်တဲ့ ၁၁၂ ရက်ကြာ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်အစမှာ စွန့်ပစ်ခွေးလေး အာလောကကို စတွေ့ခဲ့တာပါ။ Indian Pariah ခွေးမျိုးစိတ်ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ စည်လုံးညီညွှတ်ရေးဆိုင်ရာ သတင်းစကားတွေဖြန့်ဝေဖို့ အိန္ဒိယတစ်ဝှမ်းချီတက်လမ်းလျှောက်စဉ် ဘုန်းကြီးအဖွဲ့နောက်ကို အာလောက လိုက်ပါလာရင်းနဲ့ သစ္စာရှိအဖော်တစ်ဦးဖြစ်လာခဲ့တာပါ။
အာလောကဟာ ခရီးစဉ်တစ်လျှောက် ခက်ခဲမှုတွေကြုံတွေ့ခဲ့ရပါတယ်။ ကားတစ်စီးနဲ့ တိုက်ခံရတာ၊ ဖျားနာတာတွေဖြစ်ခဲ့ပါတယ်။ အာလောကကို လမ်းမလျှောက်ရအောင် ကားပေါ်တင်ခေါ်လာစေခဲ့ပေမဲ့ သူက ကားပေါ်မလိုက်ဘဲ ဘုန်းကြီးတွေနဲ့အတူ လမ်းလျှောက်ပဲ လိုက်ခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့က တက္ကဆပ်ပြည်နယ်ကနေ စတင်ခဲ့တဲ့ မိုင်ပေါင်း ၂၃၀၀၊ ရက်ပေါင်း ၁၂၀ ကြာ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်မှာလည်း အာလောကက ဘုန်းကြီးတွေနဲ့ ပါဝင်ခဲ့ပါတယ်။ အခုဆို အာလောကက ဘုန်းကြီးတွေနဲ့အတူ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ရဲ့အဆုံးသတ်နေရာ ဝါရှင်တန်ကို ရောက်ဖို့ ပြည်နယ် ၁၂ ခုကို ဖြတ်ကျော်လမ်းလျှောက်နေပါတယ်။ အာလောကရဲ့ မျက်လုံးနှစ်ဖက်ကြားမှာပါတဲ့ အသဲပုံအမှတ်အသားကြောင့်လည်း လူအများသတိထားသဘောကျနှစ်သက်လို့နေပါတယ်။
ဘုန်းကြီးတွေနဲ့အတူ အာလောက လိုက်ပါနေတဲ့ ဒီခရီးစဉ်က ၇၁ ရက်ရှိပြီဖြစ်ပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့မတိုင်ခင် Saluda မြို့ကို အရောက်သွားမှာဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်နဲ့ ၂၀ ရက်ကြား Columbia ကို လမ်းလျှောက်ခရီးနှင်ဖို့ စီစဉ်ထားပါတယ်။ ဒီငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ဝန်းကျင်လောက်မှာ ဝါရှင်တန်မြို့မှာ အဆုံးသတ်ဖို့ စီစဉ်ထားပါတယ်။
Ref: Rescue Dog Leading Buddhist Monks on 2,300 Mile Peace Walk Across the US
WL (ရိုးရာလေး)

