အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ မူးယစ်ဆေးဝါးခိုးသွင်းဖို့ ဖောက်ထားတဲ့ အရှည်ဆုံးဥမင်လိုဏ်ခေါင်း တွေ့ရှိ

yyl-026-17.jpg

အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ မူးယစ်ဆေးဝါး ခိုးသွင်းဖို့ ဖောက်ထားတဲ့ အရှည်တကာ့ အရှည်ဆုံး ဥမင်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ မြေအောက် အနက် ပေ(၇၀)အကွာမှာ ဖောက်ထားပြီး အမြင့်(၅)ပေခွဲ၊ အကျယ်(၂)ပေရှိတဲ့ ဥမင်လိုဏ်ခေါင်းဟာ (၄၃၀၉)ပေ ရှည်လျားပါတယ်။ ဥမင်လိုဏ်ခေါင်းထဲမှာ တွန်းလှည်း၊ သံလမ်း၊ ရေဆင်းပိုက်၊ လေဝင်လေထွက်ပေါက်နဲ့ ဗို့အားမြင့်လျှပ်စစ်ကြိုးတွေ တွေ့ရပါတယ်။ ဒါပေမဲ့ ဥမင်လိုဏ်ခေါင်း တွေ့ရှိမှုမှာ ဘယ်သူ့ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိသလို မူးယစ်ဆေးဝါးတွေလည်း သိမ်းဆည်းရမိခြင်းမရှိပါဘူး။

အဲဒီဥမင်လိုဏ်ခေါင်းဟာ မက္ကဆီကိုနိုင်ငံ တိုင်ဂျာနာမြို့မှာရှိတဲ့ စက်မှုဇုန်ကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့က နေရာတစ်ခုနဲ့ ချိတ်ဆက်ထားပါတယ်။ အမေရိကန်အာဏာပိုင်တွေကတော့ ဥမင်လိုဏ်ခေါင်းနောက်ကွယ်က သံသယရှိသူကို ထုတ်ပြောခြင်းမရှိပါဘူး။ ဒါပေမဲ့ အဲဒီနေရာတစ်ဝိုက်မှာ လှုပ်ရှားနေတာကတော့ ဆိုင်နာလိုအာမူးယစ်ဆေးဝါးဂိုဏ်းပါ။ အမေရိကန်အရာရှိတွေက ဆိုင်နာလိုအာဂိုဏ်းကို ကမ္ဘာ့အကြီးဆုံးမူးယစ်ဆေးဝါးဂိုဏ်းအဖြစ် သတ်မှတ်ထားပါတယ်။ ဆိုင်နာလိုအာဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင် အယ်ချာပိုဂတ်ဇ်မန်းကတော့ အမေရိကန်နိုင်ငံမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရပါတယ်။

အဲဒီဥမင်လိုဏ်ခေါင်းကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ တွေ့ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကမှ တရားဝင် ထုတ်ပြန်ခဲ့တာပါ။ မက္ကဆီကိုနိုင်ငံအရာရှိတွေက ဥမင်လိုဏ်ခေါင်း ဝင်ပေါက်ကို ဖော်ပြခဲ့ပြီး အမေရိကန်အရာရှိတွေက ဥမင်လိုဏ်ခေါင်း လမ်းကြောင်းကို မြေပုံရေးဆွဲခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း မက္ကဆီကိုနိုင်ငံနဲ့ ထိစပ်နေတဲ့ ကယ်လီဖိုးနီးယားနယ်စပ်မှာ ရှုပ်ထွေးတဲ့ ဥမင်လိုဏ်ခေါင်း တစ်ဒါဇင်ကျော် တွေ့ရှိခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်က ဆန်ဒီယေဂိုမြို့မှာ တွေ့ရှိခဲ့တဲ့ ဥမင်လိုဏ်ခေါင်းကတော့ အမေရိကန်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ဥမင်လိုဏ်ခေါင်းတွေအနက် ဒုတိယအရှည်ဆုံးဖြစ်ပြီး အလျား ၂၉၆၆ ပေ ရှိပါတယ်။

Ref:BBC ”US-Mexico border: ‘Longest ever’ smuggling tunnel discovered”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top