အီထယ်ဝန် လူအုပ်ပြိုမှုမတိုင်ခင် ဖုန်းခေါ်ဆိုမှုတွေ ရခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ထိထိရောက်ရောက် တုံ့ပြန်ခဲ့ခြင်းမရှိ

31-10-2022-yyl-25.jpg

အီထယ်ဝန် လူအုပ်ပြိုမှုဖြစ်ရပ်မှာ လူအုပ်ထိန်းသိမ်းမှုတွေက ထိရောက်မှုမရှိခဲ့ဘူးလို့ တောင်ကိုရီးယားရဲမှူးချုပ်က ဝန်ခံခဲ့ပါတယ်။ လူ ၁၅၅ ဦး သေဆုံးခဲ့ပြီး လူ ၁၅၂ ဦး ဒဏ်ရာရခဲ့တဲ့ အီထယ်ဝန် လူအုပ်ပြိုမှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ တောင်းဆိုမှုတွေ ပိုများလာချိန်မှာ တောင်ကိုရီးယားရဲမှူးချုပ် ယွန်ဟီးကွမ်က အခုလို ဝန်ခံခဲ့တာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ဟောလိုးဝင်းပါတီပွဲအတွက် ပြီးခဲ့တဲ့စနေညက ဆိုးလ်မြို့၊ အီထယ်ဝန်ရပ်ကွက်ရဲ့ လမ်းပေါ်မှာ လူတွေ ကြိတ်ကြိတ်တိုး ဖြစ်ခဲ့ပါတယ်။

လူအုပ်မပြိုခင် အီထယ်ဝန်ရပ်ကွက်ထဲက အခြေအနေကို လှမ်းပြောတဲ့ ဖုန်းခေါ်ဆိုမှုတွေ ရှိခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ထိထိရောက်ရောက် တုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ ယွန်ဟီးကွမ်က ဆိုပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၄ မိနစ်မှာ ပထမဆုံး ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပြီး နောက်ထပ် ၃ နာရီခွဲအတွင်း ဖုန်းခေါ်ဆိုမှု ၁၀ ခု ထပ်မံရရှိခဲ့ပါတယ်။အဲဒီလို ဖုန်းခေါ်ဆိုမှုတွေ ရခဲ့ပေမဲ့ သင့်တော်တဲ့ တုံ့ပြန်မှု လုပ်ခဲ့သလား၊ ရဲအရာရှိတွေက လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့သလားဆိုတာကို စေ့ငုသေချာအောင် စုံစမ်းစစ်ဆေးသွားမယ်လို့ ယွန်ဟီးကွမ်က ပြောပါတယ်။

အစောပိုင်းမှာ အာဏာပိုင်တွေက အီထယ်ဝန် လူအုပ်ပြိုမှုဟာ ဘယ်သူ့ကိုမျှ အပြစ်တင်လို့မရတဲ့ဖြစ်ရပ်လို့ သုံးနှုန်းပြောဆိုခဲ့တာပါ။ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုဟာ အီထယ်ဝန် လူအုပ်ပြိုမှု မတိုင်ခင်ကတည်းက နိုင်ငံရေးဖိအားများကာ လူကြိုက်များမှု ကျဆင်းနေခဲ့ပြီး အခင်းဖြစ်ပွားခဲ့တဲ့ စနေညက ဆိုးလ်မြို့ရဲ့ နေရာတစ်ခုမှာ အကြီးအကျယ် ဆန္ဒပြပွဲကို ထိန်းသိမ်းကိုင်တွယ်ဖို့ ရဲတပ်ဖွဲ့ဝင်တချို့ကို (အီထယ်ဝန်ရပ်ကွက်မှာ လုံခြုံရေးယူထားရာကနေ) ဆန္ဒပြပွဲရှိရာ ရွှေ့ပြောင်းစေလွှတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Ref:Itaewon crush: South Korea police admit response was inadequate

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top