မိခင်တစ်ဦးက ဆံပင်ညှပ်ထားတဲ့ သားဖြစ်သူရဲ့ဆံပင်ပုံစံနဲ့ပတ်သက်ပြီး မကျေနပ်ဖြစ်ကာ ဖေ့စ်ဘွတ်ပေါ် ပို့စ်တင်ခဲ့ပြီးနောက် ဆံပင်ညှပ်ဆိုင်ရဲ့ပိုင်ရှင်နဲ့ ဆံပင်ညှပ်ဆရာ (၃) ဦးတို့ဟာ သူတို့ရဲ့ဆံပင်တွေကို ရိတ်ပစ်ပြီးတော့ တောင်းပန်ခဲ့ပါတယ်။ ဒါကတော့ မလေးရှားနိုင်ငံက ဆံပင်ဆိုင်တစ်ဆိုင်မှာဖြစ်ခဲ့တာပါ။
တင်ခဲ့တဲ့ ပို့စ်(အခုတော့ ဖျက်ပြီးလိုက်ပါပြီ) မှာ မိခင်ဖြစ်သူက သူ့သားရဲ့ဆံပင်ညှပ်ထားတဲ့ပုံက ခွေးကိုက်ထားသလိုပဲလို့ ပြောပြီးတော့ AEON Mall မှာ ရှိတဲ့ ဆံပင်ဆိုင်ကို မသွားဖို့ အခြားသူတွေကို သတိပေးခဲ့တာပါ။ အဲ့ဒီဆံပင်ဆိုင်ပိုင်ရှင်က ချက်ချင်းပဲ ပို့စ်ပိုင်ရှင်ကို ဆက်သွယ်ပြီး တောင်းပန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲ့ဒီပို့စ်ကို ဖျက်ပစ်လိုက်ပါတယ်။

ဆံပင်ညှပ်ဆရာတွေက သူတို့ရဲ့ဆံပင်တွေကို ရိတ်ပစ်ပြီးတော့ တောင်းပန်ခဲ့တာပါ။ ဆံပင်တွေရိတ်ပစ်တဲ့ဗီဒီယိုကို နိုဝင်ဘာ ၂၁ ရက်နေ့က တင်ခဲ့ပါတယ်။ ဆံပင်ညှပ်ဆိုင်တည်ထောင်သူ Jayniss Teo ကိုယ်တိုင်ကလည်း သူ့ရဲ့အဖွဲ့ကို အားပေးပံ့ပိုးတဲ့အနေနဲ့ လျှပ်စစ်သင်တုန်းဓားသွားနဲ့ သူ့ရဲ့ဆံပင်ကို ညှပ်ပစ်ခဲ့ပါတယ်။
ဗီဒီယိုရဲ့ Caption မှာ လူမှုကွန်ယက်အသုံးပြုသူတွေကို သူတို့ရဲ့ feedback တွေအတွက် ကျေးဇူးတင်ခဲ့ပြီး သူတို့ရဲ့ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဆံပင်ညှပ်တာအတွက် စိတ်ကျေနပ်မှုမရှိဘူးဆိုရင် ငွေပြန်အမ်းပေးမယ်လို့လည်း ကြေညာထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဆံပင်ညှပ်ဆိုင်က ထုတ်ပြန်ခဲ့တဲ့ စာမှာတော့ ဆိုင်က ငယ်ရွယ်တဲ့ဆံပင်ညှပ်ဆရာတွေကို ကြီးကြပ်ဖို့အတွက် စီမံခန့်ခွဲမှုဝန်ထမ်းတွေကို အဆက်မပြတ်လေ့ကျင့်ပေးနေကြောင်း၊ အတွင်းပိုင်းပြန်လည်သုံးသပ်မှုတစ်ခုပြုလုပ်ခဲ့ပြီး ကလေးလေးကို ညှပ်ပေးခဲ့တဲ့ ဝန်ထမ်းက အခုဆို ပြန်လည်လေ့ကျင့်မှုတွေပြုလုပ်နေကြောင်း၊ သူ့ကို အပြစ်တင်မယ့်အစား တိုးတက်လာအောင် ကူညီပေးဖို့ ရည်ရွယ်ထားကြောင်း၊ အမှားတစ်ခုက အဖွဲ့တစ်ဖွဲ့ရဲ့သဘောထားကို မသတ်မှတ်နိုင်ပေမဲ့ တာဝန်ယူမှုရှိတာက ကုန်အမှတ်တံဆိပ်ရဲ့ဦးတည်ချက်ကို ပုံဖော်ပေးနိုင်ကြောင်း ရေးသားထားပါတယ်။

Ref: Salon owner & barbers in M’sia shave heads to apologise after mother complains about son’s haircut
WL (ရိုးရာလေး)

