မိခင်ဖြစ်သူရဲ့နှိပ်စက်မှုကြောင့်သေဆုံးခဲ့ရတဲ့ ၄ နှစ်သမီးလေးကို အောက်မေ့တသပြီး ပရဟိတအဖွဲ့အစည်းတည်ထောင်ခဲ့တဲ့ ဖခင်

father.jpg

မလေးရှားနိုင်ငံက Content Creator ဖြစ်တဲ့ Simonboy (Khung Wei Nan လို့လည်းသိကြ) ဟာ သူ့ရဲ့ကွယ်လွန်သူသမီးလေးကို အောက်မေ့တသပြီး Forever Megan Charity ကို တည်ထောင်လိုက်ပါပြီ။ 

သူ့ရဲ့၃၈ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်နေ့က သူ ဒီလောက်အထိ လက်ခံရရှိခဲ့တဲ့အားပေးပံ့ပိုးမှုနဲ့ သူ့ကို လက်လှမ်းပေးခဲ့တဲ့ အခွင့်အရေးတွေအတွက် ကျေးဇူးတင်တယ်လို့လည်း အင်စတာဂရမ်မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့သမီးလေး Megan ကို အောက်မေ့တသတဲ့အနေနဲ့ “Her Love Never Ends” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပရဟိတအဖွဲ့အစည်းကိုတည်ထောင်ပြီးတော့ လူမှုအဖွဲ့အစည်းကို ပြန်ပေးဆပ်ချင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

သူ့ရဲ့ပရဟိတအဖွဲ့အစည်းရဲ့ပထမဆုံးပရောချက်အနေနဲ့ကတော့ မလေးရှားနိုင်ငံ၊ Klang မြို့က မိဘမဲ့ဂေဟာတစ်ခုကို အလည်သွားရောက်ခဲ့တာပါ။ အလည်သွားရောက်ခဲ့တာကို မှတ်တမ်းတင်ခဲ့ပြီး YouTube မှာ တင်ခဲ့ပါတယ်။ မေလတုန်းက အင်စတာဂရမ်အသုံးပြုသူတစ်ဦးဟာ သူ့ကို အဲ့ဒီမိဘမဲ့ဂေဟာသွားလည်ဖို့ စာပို့တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီဂေဟာက ကလေးတော်တော်များများမှာ မူးယစ်ဆေးစွဲနေတဲ့မိဘတွေရှိကြတယ်လို့ အင်စတာဂရမ်အသုံးပြုသူက ပြောခဲ့တာပါ။ သူ သွားလည်စဉ်အတွင်း အစားအသောက်၊ ပိုက်ဆံနဲ့ အိမ်သုံးပစ္စည်းတွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။ 

မိဘမဲ့ဂေဟာမှာသွားလည်စဉ်အတွင်း Simonboy က မူးယစ်ဆေးစွဲလမ်းမှုနဲ့ သူ့ရဲ့အတိတ်က ရုန်းကန်ခဲ့ရမှုတွေနဲ့  Singapore Anti-Narcotics Associationရဲ့ပထမဆုံးသံတမန်ဖြစ်လာခဲ့တဲ့အကြောင်းကို ကလေးတွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။ အသက် ၂ နှစ်မှာ မိဘတွေကွာရှင်းခဲ့တာ၊ ထောင် ၃ ကြိမ်ကျခံခဲ့ရတာနဲ့ နောက်ဆုံးမှာ အောင်မြင်မှုရရှိခဲ့တာအပါအဝင် သူ့ဘဝအတွေ့အကြုံတွေကို ပြန်ပြောပြခဲ့တာပါ။ 

သူ့သမီးလေး Megan ကို ဆုံးရှုံးလိုက်ရလို့ နာကျင်ရပေမဲ့ သူ့ရဲ့ဝမ်းနည်းပူဆွေးမှုကို အကြင်နာတရားအဖြစ် ပြောင်းလဲလိုက်တာက မိဘမဲ့ကလေးတွေရဲ့ဘဝတွေကို အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုဖြစ်စေလိမ့်လို့ သူက ဆိုထားပါတယ်။ “ဒီကလေးတွေက ဘယ်လိုချစ်ရမလဲ၊ ဘယ်လိုပေးကမ်းရမလဲဆိုတာကို သင်ယူနိုင်ဖို့ ကျွန်တော် တကယ်မျှော်လင့်ပါတယ်။ သူတို့တွေကို အဲ့ဒါတွေသင်ယူစေချင်ရင် ကျွန်တော်တို့က စံပြဖြစ်ရမှာပါ”တဲ့။ 

Simonboy ရဲ့သမီးလေး Megan ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က Megan ရဲ့အမေဖြစ်သူ Foo Li Ping နဲ့ Foo ရဲ့ ရည်းစား Wong Shi Xing တို့ရဲ့လက်ထဲမှာ နှိပ်စက်ခံရတာကြောင့် သေဆုံးသွားခဲ့ရတာပါ။ 

Ref: Simonboy starts Forever Megan Charity, donates necessities to M’sia orphanage

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top