ကေပေါ့ပ်အဆိုတော်ဖြစ်ချင်တဲ့ ကမ္ဘောဒီးယားတော်ဝင်မင်းသမီးလေး

1.6.2023-yyl-4.jpg

ကိုရီးယားဂီတကို ကြိုက်နှစ်သက်ပြီး ကေပေါ့ပ်အဆိုတော်တစ်ယောက်ဖြစ်ချင်တဲ့သူတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံက အသက် ၁၁ နှစ်အရွယ် တော်ဝင်မင်းသမီးလေး ဂျန်နာ နိုရိုဒွန်လည်း ပါဝင်ပါတယ်။ ဂျန်နာက တော်ဝင်မင်းသမီး နိုရိုဒွန် ဘူဖာရီရဲ့ ဒုတိယသမီးတော်ဖြစ်ပြီး လက်ရှိကမ္ဘောဒီးယားဘုရင်နိုရိုဒွန်သီဟာမိုနီရဲ့မြေးတော်ပါ။ သူ့ကို ၂၀၁၂ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ မွေးဖွားခဲ့တာပါ။ သူ့အဖေက ပြင်သစ်လူမျိုးတစ်ယောက်ပါ။

ဂျန်နာရဲ့အသက် ၃ နှစ်မှာ သူ့မိသားစုက ကမ္ဘောဒီးယားကို ပြန်ပြောင်းရွှေ့ခဲ့တာပါ။ သူက ကမ္ဘောဒီးယားတော်ဝင်မိသားစုတွေ ရနိုင်တဲ့ အကောင်းဆုံးပညာရေးကို သင်ယူခွင့်ရခဲ့ပါတယ်။ သူက ပြင်သစ်၊ ခမာ၊ ထိုင်း၊ တရုတ်နဲ့ အင်္ဂလိပ်ဘာသာစကားတွေကို ပြောတတ်ပါတယ်။ အဲဒီဘာသာစကားတွေနဲ့ သီချင်းသီဆိုနိုင်ပါတယ်။ အသက် ၆ နှစ်ကတည်းက မင်းသမီး၊ အဆိုတော်နဲ့ အကသမားအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်က ဖော်လိုဝါ ၂ သန်း၊ TikTok အကောင့်က ဖော်လိုဝါ ၅၀.၂ သန်းနီးပါးရှိပါတယ်။

ဂျန်နာက BTS၊ BLACKPINK နဲ့ အခြားကေပေါ့ပ်အဆိုအဖွဲ့တွေရဲ့ သီချင်းတွေကိုလည်း ပြန်လည်သီဆိုဖြစ်ပြီး သူ့မှာ အဲဒီသီချင်းဗီဒီယိုတွေကို တင်တဲ့ YouTube ချန်နယ်တောင်ရှိပါတယ်။ ကေပေါ့ပ်သီချင်းတင် ကြိုက်နှစ်သက်တာမဟုတ်ဘဲ ကိုရီးယားဒရာမာတွေကိုလည်း စိတ်ဝင်စားတာပါ။ သူ့ရဲ့YouTube ချန်နယ်က Subscriber ၈ သိန်းနီးပါးရှိပြီး သူ့ရဲ့ပရိသတ်တွေက သူ့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့်ရော သူ့ရဲ့အသံ၊ အက၊ သရုပ်ဆောင်စွမ်းရည်တွေကြောင့်ပါ ချစ်မြတ်နိုးကြပါတယ်။

ဂျန်နာဟာ မကြာသေးခင်က Tep Thida Pokul Meas နဲ့ Golden Kingdom အမည်ရတဲ့ နာမည်ကြီး Khmer show တွေမှာ ပါဝင်ခဲ့ပါတယ်။ မနှစ်က You Da One အမည်ရတဲ့ သူ့ရဲ့ကိုယ်ပိုင်သီချင်းလည်း ထွက်ရှိခဲ့ပါတယ်။ သူက ကိုရီးယားဖျော်ဖြေရေးအေဂျင်စီတစ်ခုရဲ့ စီးအီးအို နာယွန်းဂျောင်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မကြာသေးခင်က အင်တာဗျူးတစ်ခုအတွင်း တော်ဝင်မင်းသမီးလေးနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားတယ်ဆိုတာကို ပြသခဲ့ပါတယ်။ ဂျန်နာရဲ့အရည်အချင်းကို အသိအမှတ်ပြုခဲ့ပြီး သင်ယူနိုင်စွမ်းရှိတယ်လို့လည်း ထုတ်ပြောခဲ့ပါတယ်။ ကုမ္ပဏီရဲ့လမ်းညွှန်မှုနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက လေ့ကျင့်ရေးစတင်နေခဲ့တာပါ။ မကြာခင်မှာ ကိုရီးယားရဲ့ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်ဖို့ ရည်မှန်းထားပါတယ်။

ဂျန်နာက BLACKPINK အဖွဲ့ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး လီဆာက သူ ကြိုက်နှစ်သက်တဲ့အဖွဲ့ဝင်ပါ။ ဂျန်နာက လီဆာနဲ့ ရုပ်ဆင်တဲ့အတွက် ကမ္ဘောဒီးယားရဲ့လီဆာအငယ်စားလေးလို့ မကြာခဏခေါ်ခံနေရပါတယ်။

Ref: Cambodian princess Jenna Norodom could be the next big K-pop idol

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top