သူတို့ရဲ့ဆံပင်တွေ ရိတ်ပစ်ပြီးတော့ ကင်ဆာရောဂါသည်အတန်းဖော်ကို စပရိုက်လုပ်ခဲ့တဲ့ ကျောင်းသားတစ်စု

14-7-2022-10.jpg

ဓာတုကုထုံးခံယူနေရတာကြောင့် ဆံပင်မရှိတော့တဲ့ သူငယ်ချင်းဖြစ်သူအတွက် သူတို့ရဲ့ဆံပင်တွေကို ရိတ်ပစ်ခဲ့တဲ့ ကျောင်းသားတစ်စုရဲ့ ဗီဒီယိုတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ လူပြောများသွားခဲ့ပါတယ်။ ဒီကြည်နူးစရာဗီဒီယိုလေးရဲ့အစမှာ ကျောင်းသား/သူတွေက သူတို့ရဲ့သူငယ်ချင်း အတန်းထဲဝင်လာတာကို စောင့်ဆိုင်းနေတာတွေ့ရပါတယ်။

ဆံပင်မရှိတော့တဲ့ သူငယ်ချင်းဝင်လာတော့ ကျောင်းသား/သူတွေက သူ့သူငယ်ချင်းအတွက် လက်ခုပ်တွေတီးပြီး ပွေ့ဖက်ခဲ့ကြပါတယ်။ အဲဒီသူငယ်ချင်းက သူတို့တွေကို စကားအနည်းငယ်ပြောပြီး ကျေးဇူးတင်နေတာလည်း တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့သူငယ်ချင်းအတွက် ကျောင်းသားတွေက ခုံတွေမှာ တန်းစီထိုင်ပြီး ဆံပင်တွေ ရိတ်ပစ်ခဲ့ကြပါတယ်။ သူတို့ရဲ့အတန်းဖော်တချို့ကပဲ သူတို့ရဲ့ဆံပင်တွေကို ရိတ်ပေးခဲ့ကြတာပါ။ ဆရာတစ်ဦးလည်း ကျောင်းသားတွေနဲ့အတူ ဆံပင်ရိတ်ပစ်ခဲ့တဲ့ပုံပါပဲ။

ဒီဗီဒီယိုကို “တစ်ယောက်တည်း ဘယ်သူမှ တွန်းလှန်မတိုက်ခိုက်ရပါဘူး။ ကျောင်းသားတစ်စုက ကင်ဆာကုသမှုစတင်ခံယူနေတဲ့ သူတို့ရဲ့သူငယ်ချင်းအတွက် တစ်ညီတစ်ညွတ်တည်း ဆံပင်တွေ ရိတ်ပစ်ခဲ့ကြပါတယ်။ အားတက်စရာ စပရိုက်ပါပဲ” ဆိုတဲ့ စာသားနဲ့ goodnews_movement အင်စတာဂရမ်အကောင့်က မျှဝေခဲ့တာပါ။

ဒီဗီဒီယိုမြင်တဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက “ဒီကလေးတွေက ကျွန်မကို မျှော်လင့်ချက်တွေ ပေးတယ်။ တကယ်ကို ရင်ထဲခံစားရပါတယ်။ ဆက်ပြီးတွန်းလှန်ကျော်လွှားသွားပါ လူငယ်လေး”၊ “ဒါက အရမ်းနှစ်သက်ဖွယ်ကောင်းတဲ့ အပြုအမူပါ။ ဒီလူငယ်လေးက တစ်ယောက်တည်း တွန်းလှန်ကျော်လွှားရမှာမဟုတ်ပါဘူး။ လူငယ်လေးတွေက သူတို့ စာနာရိုင်းပင်းတတ်တယ်ဆိုတာကို ပြသနေပါတယ်”၊ “လူသားဆန်မှုကို မြင်တွေ့ရတာ အရမ်း အားရကျေနပ်စရာကောင်းလှတယ်”လို့ ရေးသားပြောဆိုခဲ့ကြပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Upworthy “Students surprise classmate who has cancer by shaving their heads in solidarity”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top