နှစ် ၈၀၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအရိုးအပ်ကြီးတွေကို တူရကီနိုင်ငံမှာ တူးဖော်တွေ့ရှိ

14-7-2022-09.jpg

တူရကီနိုင်ငံအနောက်ပိုင်း အစ်ဇ်မာမြို့ရဲ့ ရယ်ဆီလိုဗာ နဲ့ ရာဆီတယ်ပီ တောင်ကုန်းတွေမှာ ခန့်မှန်းခြေ နှစ် ၈၂၀၀ သက်တမ်းရှိ ရှေးဟောင်း အရိုးအပ်ကြီးတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ အစ်ဇ်မာမြို့ရဲ့ပထမဆုံးလူတွေ နေထိုင်ရာ တောင်ကုန်းတွေမှာ တူးဖော်ရှာဖွေမှုတွေ ဆက်တိုက်လုပ်ရာမှာ နှစ် ၈၅၀၀ က ရှေးဟောင်း ရွာ (၉) ရွာကို တွေ့ရှိခဲ့ပါတယ်။

အခုနှစ် တူးဖော်ရှာဖွေမှုမှာ ပထမဆုံးတွေ့ရှိမှုဟာ လွန်ခဲ့တဲ့ နှစ် ၈၂၀၀ က အသားလှီးဖြတ်တာ၊ သစ်သားခုတ်တာ၊ ပရိဘောဂလုပ်ငန်းတွေမှာ အသုံးပြုခဲ့တဲ့ ကျောက်ဖြတ်ကိရိယာတွေပါ။ လက်တလော တွေ့ရှိခဲ့တာကတော့ တိရစ္ဆာန်အရိုးနဲ့ ပြုလုပ်ထားတဲ့ အပ်တွေဖြစ်ပြီး အဝတ်အထည်တွေ ရက်လုပ်ရမှာ ရှေးခေတ်အမျိုးသမီးတွေ အသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

“တူးဖော်ရေးလုပ်နေတဲ့ နေရာက အစ်ဇ်မာမြို့ရဲ့သမိုင်းကြောင်းကို ခြေရာခံနိုင်တဲ့ လူနေရပ်ကွက်တစ်ခုပါ။ ဧရိယာက အရမ်းကြီးတဲ့အတွက် ကျွန်တော်တို့အဖွဲ့တွေက ၁၂၀၀ စတုရန်းမီတာ ဧရိယာကို အပိုင်း (၂) ပိုင်းခွဲပြီး တူဖော်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ နှစ် ၈၂၀၀၊ နှစ် ၆၀၀၀၊ နှစ် ၅၀၀၀၊ နှစ်၂၀၀၀ တွေက ရှေးဟောင်းပစ္စည်းတွေကို တူးဖော်တွေ့ရှိခဲ့တယ်”လို့ Ege University ရဲ့ ရှေးဟောင်းသုတေသနာဌာနရဲ့ တွဲဖက်ပါမောက္ခ ဇာဖာ ဒီရင်က ပြောပါတယ်။

လက်တလော တူးဖော်ရရှိခဲ့တဲ့ အပ်ကြီးတွေနဲ့ ပတ်သက်ပြီးတော့လည်း တွဲဖက်ပါမောက္ခ ဇာဖာက ပြောပြထားပါတယ်။ အပ်ကြီးတွေက ရှေးခေတ်အမျိုးသမီးတွေ ပိုင်ဆိုင်တာဖြစ်ပြီး အဲဒီတုန်းက သူတို့တွေဟာ သတ္တုအကြောင်း မသိကြတဲ့အတွက် အဲဒီအပ်ကြီးတွေကို သတ္တုနဲ့ လုပ်ထားတာမဟုတ်ပါဘူး။ တိရစ္ဆာန်အရိုးတွေနဲ့ လုပ်ထားတာပါ။
အဲဒါကို လုပ်ဖို့အတွက် အများစုကတော့ ငှက်တွေနဲ့ နွားအရိုးတွေကို အသုံးပြုခဲ့တာပါ။ ရှေးခေတ်လူတွေက ဖြောင့်တဲ့ အရိုးတွေကို ချွန်ထက်နေအောင်လုပ်ပြီး အပ်တွေအဖြစ် ပြုလုပ်ခဲ့တာပါ။ သူတို့တွေ လိုအပ်ရင် အဲဒါကို လည်ပင်းမှာ ရတနာအဖြစ် အသုံးပြုကြတယ်လို့ သိရပါတယ်။

အစ်ဇ်မာမြို့က မြေထဲပင်လယ်ဒေသရဲ့ရှေးအကျဆုံးအခြေချနေထိုင်ရာ မြို့ဖြစ်ပြီး ရှည်လျားတဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်။ ဘီစီ ၇ ရာစုအထိ အစ်ဇ်မာမြို့က အိမ်နီးချင်းဒေသတွေနဲ့ အထူးသဖြင့် လီဒီယားဒေသနဲ့ ခိုင်မာတဲ့ကုန်သွယ်ရေးအဆက်အသွယ်ရှိခဲ့ပြီး လီဒီယန်းတွေကို ပါရှန်တွေ အနိုင်ယူပြီး မလွှမ်းမိုးခင်အချိန်အထိ ရှည်ကြာခဲ့တာပါ။

Ref: Ancient Page “8,200-Year-Old Needles Unearthed In Turkey’s Izmir”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top