ဂျော်ဒန် လဗီ (Jordan Levy) ဟာ လျှပ်စစ် ကျွမ်းကျင်သူ တစ်ဦးဆီမှာ အလုပ်သင်အနေနဲ့ အလုပ်စဝင်ရတော့ ပစ္စည်းကိရိယာတွေကို ကိုင်တွယ်တတ်ဖို့နေနေသာသာ၊ ကိရိယာတွေရဲ့ နာမည်က ဘာမှန်းတောင်မသိခဲ့ပါဘူး။ ဒါပေမဲ့ ဒါတွေကို သူမမှုပါဘူး။ “အလုပ် စဝင်ဝင်ချင်းဆိုတော့ အိုးနင်းခွက်နင်း ဖြစ်တာတော့ ရှိတာပေါ့၊ ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်။ ကိုယ့်ခွန်ကိုယ့်အားနဲ့ အလုပ် လုပ်ပြီး ပိုက်ဆံရှာနေနိုင်တဲ့အတွက် ကျွန်တော်ပျော်ပါတယ်” လို့ဂျော်ဒန်က ပြောပါတယ်။
ဂျော်ဒန် အသက် (၅) နှစ်အရွယ်မှာ သူ့အမေ၊ ညီမလေး တို့နဲ့အတူ အလုပ်အကိုင် အခွင့်အလမ်း ပိုများမယ်ထင်တဲ့ နယူးယော့ခ်မြို့ကို မိသားစု သုံးယောက် မျှော်လင့်ချက်တွေနဲ့ ပြောင်းရွေ့လာခဲ့ပါတယ်။ ဒါပေမဲ့လည်း နယူးယော့ခ်မြို့ရဲ့ကြီးမားလှတဲ့ အိမ်ငှားစရိတ်တွေကြောင့် စတင် ပြောင်းလာတဲ့အချိန်ကတည်းက ခဏခဏ တိုက်ခန်းပြောင်းပြီး နေနေခဲ့ရတာပါ။
“အထက်တန်းကျောင်း မအောင်ခင်ကတော့ အခုဖြစ်နေတဲ့ပြဿနာတွေက ခေါင်းထဲမှာ မရှိခဲ့ဘူး။ အထက်တန်းကျောင်းပြီးရင် ကောလိပ်သွားမယ်ဆိုတဲ့ စိတ်ပဲ ရှိခဲ့တာ”။ ဂျော်ဒန် အထက်တန်းကျောင်းပြီးသွားတဲ့ အချိန်မှာတော့ ငွေရေးကြေးရေးအခက်အခဲတွေကြောင့် သူ ကောလိပ်သွားမယ့် အိပ်မက်ကို စွန့်လွတ်ခဲ့ရပြီး ညီမလေးကိုပဲ ကောလိပ် ပို့ခဲ့ပါတယ်။ ညီမဖြစ်သူ ကောလိပ်ရောက်အပြီးမှာ မိသားစု ငွေရေးကြေးရေးအခြေအနေ ပိုကျပ်တည်းလာပြီး သူနဲ့သူ့အမေဟာ အိပ်ခန်းတစ်ခုသာပါတဲ့ တိုက်ခန်းကိုပဲ ငှားနိုင်ပါတော့တယ်။ “သိပ်တော့ အဆင်မပြေဘူးပေါ့။ ၁၆နှစ် တောင်ရှိနေပြီ။ အမေနဲ့ တစ်အိပ်ရာတည်း အိပ်နေရတာ” လို့ဂျော်ဒန်က သူခံစားခဲ့ရတာတွေ ပြန်လည်ပြောကြားခဲ့ပါတယ်။
ဒုက္ခတွေက ဒီမှာ အဆုံးမသတ်သွားသေးပါဘူး။ အိမ်ငှားခပေးနိုင်ဖို့ ဂျော်ဒန်က အချိန်ပိုင်းအလုပ်တွေ လုပ်နေခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသွားလို့ အလုပ်ထွက်ခဲ့ရသလို ဂျော်ဒန် အမေဖြစ်သူကလည်း အလုပ်ပြုတ်သွားခဲ့ပါတယ်။ “ကျွန်တော်တို့ အဲဒီတိုက်ခန်းမှာနေဖို့အတွက် တော်တော်ရုန်းကန်ခဲ့ရတယ်။ နောက်ဆုံးတော့ အဲဒီတိုက်ခန်းကနေ ထွက်ခဲ့ရလို့နေစရာ နေရာလည်း မရှိတော့သလို စားသောက်ဖို့အတွက်လည်း ဘာမှမရှိတော့တဲ့ ဘဝကိုရောက်သွားတယ်”
“ကျွန်တော် နေ့တိုင်းငိုတယ်။ ဘာမှလည်း မလုပ်နိုင်ဘူး။ လုပ်ဖို့အင်အားလည်းမရှိဘူး။ စိတ်ဓာတ်တွေ တအားကျပြီး အရှုံးပေးချင်စိတ်တွေပဲ ရှိတော့တယ်။ ဘဝကို ဘယ်လိုရှေ့ဆက်လို့ ဆက်ရမှန်းလည်း မသိဘူး။” နောက်ဆုံးတော့ ဂျော်ဒန်ဟာ Create လို့ခေါ်တဲ့ အိမ်ရာမဲ့ လူငယ်ဂေဟာကို ရောက်ရှိသွားပါတယ်။ အဲဒီဂေဟာက လှုမှုရေးလုပ်သား (Social Worker) တစ်ယောက်ရဲ့အကူအညီနဲ့ သူတို့လိုလူငယ်တွေကို အလုပ်အကိုင် ရှာဖွေပေးနေတဲ့ Nadap ဆိုတဲ့ အဖွဲ့အစည်းနဲ့ သိခွင့်ရခဲ့ပါတယ်။
အဲဒီ Nadap အဖွဲ့အစည်းကပဲ ဂျော်ဒန်ကို “HorsePower” လျှပ်စစ် ပြုပြင်ရေးလုပ်ငန်း မှာ အင်တာဗျူး ရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီး အင်တာဗျူးဖြေမယ့်နေ့အတွက် ဝတ်စုံနဲ့ဖိနပ်တွေ ငှားရမ်းပေးခဲ့ပါတယ်။ အဆိုးတွေပြီးရင် အကောင်းတွေ လာတယ်ဆိုတဲ့စကားအတိုင်း ဂျော်ဒန်ဟာ အင်တာဗျူးမှာပဲ ချက်ချင်းအလုပ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ အလုပ်စဝင်တဲ့အချိန်ကစလို့ လျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ကြိုးကြိုးစားစား လေ့လာသင်ယူခဲ့ပြီးတဲ့နောက် ၃ လအကြာမှာတော့ Panel မန်နေဂျာအဖြစ် ရာထူးတိုးသွားခဲ့ပါတယ်။
လစာတိုး၊ ရာထူးတိုးသွားတဲ့ ဂျော်ဒန်ဟာ အခုအချိန်မှာတော့ သူ့အမေအတွက် အိမ်တောင် ငှားပေးထားနိုင်ပါပြီ။ ပိုက်ဆံတွေလည်း စုနေတဲ့ ဂျော်ဒန်ဟာ နောက်လအနည်းငယ်အတွင်းမှာ သူ့ဘာသာ တိုက်ခန်းငှားပြီး နေနိုင်ဖို့အတွက်လည်း ကြိုးစားနေကြောင်း ပျော်ရွင်စွာ ပြောကြားခဲ့ပါတယ်။
ရိုးရာလေးပရိသတ်တွေထဲမှာလည်း သူ့လိုမျိုး အောက်ခြေကနေကြိုးစားခဲ့ရပြီး ကိုယ်လိုချင်တဲ့ အနေအထားကို ရောက်နိုင်ခဲ့သူတွေရှိရင် အတွေ့အကြုံတွေကို ဝေမျှပေးခဲ့ပါဦး။
Ref: New York Times “From Homeless to Dream Job in just one year”
Elsa (ရိုးရာလေး)