ကိုယ်ယုံကြည်ရာ တစ်စုံတစ်ခုအတွက်

3-7-2020-yyl-030.jpg

တစ်ခါတုန်းက ကားစုတ်လေးတစ်စီးပဲပိုင်ပြီး အိမ်သေးသေးလေးမှာ နေရတဲ့ လူအိုတစ်ယောက်ရှိခဲ့ပါတယ်။ သူ့မှာ ဝင်ငွေရယ်လို့လည်း လောက်လောက်လားလား ဘာမှ မရှိပါဘူး။

ချို့ချို့ငဲ့ငဲ့နဲ့ပဲ နေနေခဲ့ရတာပါ။ အဲဒီလိုနေလာရင်း သူ အသက် ၆၅ နှစ် အရောက်မှာ တစ်ခုခု အပြောင်းအလဲလုပ်ဦးမှပဲ လို့ သူ့ဘာသာ စဉ်းစားမိလာတယ်။ ဆိုတော့ သူဘာလုပ်လို့ ရနိုင်မလဲ တွေးကြည့်တဲ့အခါ သူ့မိတ်ဆွေတွေက သူ့ရဲ့ ဟင်းလျာ အစပ်အဟပ်တစ်မျိုးဟာ သိပ်ကောင်းကြောင်း ချီးမွမ်းကြဖူးတာကို သွားသတိရလိုက်ပါတယ်။ ဒါနဲ့ပဲ သူလုပ်ချင်တဲ့ အပြောင်းအလဲကို ဒီအချက်နဲ့ စမ်းကြည့်ဖို့ သူ ဆုံးဖြတ်ချက်ချခဲ့တယ်။

ကန်တက်ကီကနေ သူထွက်လာတယ်။ ပြည်နယ်ပေါင်းစုံကို လှည့်သွားပြီး သူ့ရဲ့ ဟင်းအစပ်အဟပ်နည်းကို လိုက်ရောင်းပါတော့တယ်။ စားသောက်ဆိုင်ပိုင်ရှင်တွေကို သူ့ရဲ့ သွားရည်ယိုချင်စရာ ဟင်းအစပ်အဟပ်အကြောင်း ရှင်းပြတယ်။ ပြီးတော့ သူက ဒီဟင်းအစပ်အဟပ်နည်းကို အလကားပေးမှာ ဖြစ်ပြီး ဟင်းလျာရောင်းရတဲ့တန်ဖိုးထဲက ရာခိုင်နှုန်း နည်းနည်းလောက်ပဲ သူ့ကို ပေးပါ လို့ စည်းရုံးခဲ့ပါတယ်။ အမှန်ဆို သူ့ရဲ့ ဒီလိုကမ်းလှမ်းမှုက ဘယ်သူမဆို စိတ်ဝင်စားသွားလောက်စရာပါပဲ။

ဒါပေမဲ့လို့ သူ့ စည်းရုံးမှုက အချည်းနှီးပါပဲ။ သူသွားစည်းရုံးခဲ့သမျှ ဆိုင်အများစုက ငြင်းလိုက်ကြပါတယ်။ ဟင့်အင်း ဆိုတာကို သူ အကြိမ် တစ်ထောင်မကကို ကြားခဲ့ရတာပါ။ ဒါပေမဲ့ အဲဒီလောက်အငြင်းခံရလည်း သူက မမှုခဲ့ပါဘူး။ သူ့ဟင်းလျာအစပ်အဟပ်က ဘယ်လောက်ကောင်းနေတယ် ဆိုတာ သူ အသေအချာကို သိပါတယ်။ ဒါကြောင့်လည်း ယုံကြည်ချက် လုံးဝမလျော့ဘဲ ဆက်ကြိုးစားပြီး စည်းရုံးခဲ့ပါတယ်။ မှတ်မှတ်ရရ အင်း ကောင်းပြီလေ ဆိုတဲ့ ပထမဆုံး သဘောတူညီမှုစကားကို မကြားလိုက်ရခင်အထိ တစ်ထောင်နဲ့ ကိုးကြိမ်တိတိ သူ အငြင်းခံခဲ့ရတာပါ။

ကော်လ်နယ်လ် ဟာ့တ်လန်းဒ် ဆန်းဒါးစ် ဆိုတဲ့ အသက် ၇၀ နီးပါး လူအိုကြီး အဲဒီလို အကြိမ်ပေါင်းများစွာ လက်မလျော့တမ်း ကြိုးစားခဲ့ပြီးတဲ့နောက် သူရရှိလိုက်တဲ့ ပထမဆုံးသဘောတူညီမှုတစ်ခုကအစပြုလို့ ဒီနေ့ ခင်ဗျားတို့ ကျွန်တော်တို့ သွားသွား ဝယ်စားနေကြတဲ့ KFC ကြက်ကြော်ဆိုင်တွေ ဆိုတာ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပြောချင်တာကတော့ဗျာ … ဘယ်လောက် အငြင်းပယ်ခံနေရပါစေ…ခင်ဗျားကိုယ် ခင်ဗျား အမြဲယုံကြည်နေရမယ်…လက်လျော့လိုက်ဖို့ တွေးမိတဲ့အခါတိုင်း အခုပြောပြခဲ့တဲ့ အသက် ၇၀ အရွယ် လူအိုကြီးရဲ့ အကြောင်းကို ခင်ဗျား ပြန်တွေးကြည့်လိုက်ပါ။

Ref: livin3.com “motivational and inspiring short stories”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top