ကြယ်တွေဆီက လာခဲ့တယ်

24-6-2020-yyl-022.jpg

အခုသင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေဟာ နဂါးငွေ့တန်းဂလက်ဆီမှာရှိတဲ့ တခြားသော ဒြပ်ဝတ္ထုပစ္စည်းတွေလိုပဲ အာကာသထဲကနေ ခရီးနှင်လာကြတာပါဆိုရင် အံ့ဩသွားမလား။

ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ်ကိုယ် အာကာသခရီးသွားတွေလို့ သတ်မှတ်လို့ ရနိုင်ပါတယ်လို့ ဒီလေ့လာမှုရဲ့နောက်ကွယ်က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

လေ့လာမှုအသစ်တစ်ခုရဲ့အဆိုအရ လူသားတွေဟာ တခြားဂလက်ဆီတစ်ခုကနေ မိုင်ပေါင်းသိန်းသန်းချီ လွင့်ပျံလာတဲ့ အမှုန်တွေကနေ ဖွဲ့စည်းဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတော်တော်များများဟာ အက်တမ်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာ သိကြမှာပါ။ ဒီအက်တမ်တွေဟာ နဂါးငွေ့တန်းတစ်လျှောက်မှာ ပျံ့လွင့်နေတဲ့အမှုန်တွေ ဖြစ်ကြပါတယ်။ ဒီလေ့လာချက်ရဲ့အဆိုအရ ဒီအက်တမ်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့ကြတဲ့အခါ ပြင်းထန်တဲ့ ကြယ်စုပေါက်ကွဲမှုတွေဟာ အမှုန်တွေကို ဂလက်ဆီတစ်လျှောက်သာမက စကြာဝဠာတစ်ခုလုံးဆီကိုပါ ပျံ့နှံ့သွားနိုင်ကြောင်း သိရှိခဲ့ရပါတယ်။

ဆိုလိုတာကတော့ ကျွန်တော်တို့ လက်ရှိဖြစ်တည်နေတဲ့ အသက်ဓာတ်တွေဟာ ဒီပေါက်ကွဲမှုတွေကြောင့် ဖြစ်တည်လာတဲ့ အားပြင်းတဲ့လေတွေ တိုက်ခတ်မှုကြောင့် ရောက်ရှိလာတဲ့ ဟိုး မိုင်ပေါင်းများစွာက အမှုန်တွေနဲ့ဖွဲ့စည်းထားတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့လူသားမျိုးနွယ်တွေဟာ အာကာသခရီးသွားတွေ သို့မဟုတ် ဂလက်ဆီအတွင်း ခရီးနှင်လာခဲ့တဲ့သူတွေလို့ ပြောနိုင်ပါတယ်လို့ အနောက်မြောက်ပိုင်းရှိ အာကာသရူပဗေဒစင်တာမှ ဘွဲ့လွန်သုတေသနပြုစုသူ ဒန်နီရယ်အန်ဂလစ်အယ်ကာဇာ(Daniel Angles Alcazar)က ဆိုပါတယ်။ အားပြင်းတဲ့လေပြင်းတွေကြောင့် လွင့်ပျံလာတဲ့အမှုန်တွေဟာ ကမ္ဘာမြေဆိုတဲ့ ဂြိုလ်တစ်ခုပေါ် အိမ်အသစ်တွေ့သွားတာဖြစ်နိုင်ပါတယ်လို့ သူကဆိုပါတယ်။

ဒီလိုဖြစ်ရပ်ကို Intergalactic Transfer လို့ခေါ်ပြီး ဂလက်ဆီတွေတစ်ခုနဲ့ တစ်ခုကြား အမှုန်တွေရွေ့လျားမှုဖြစ်စဉ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒီဖြစ်စဉ်က အသစ်သတ်မှတ်ထားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့တော်တော်များများရဲ့ ဂလက်ဆီဖြစ်ပေါ်မှုအပေါ်သိရှိထားတဲ့ အခြေခံအချက်တွေအပေါ် သက်ရောက်နိုင်ပါတယ်။

ဒီလေ့လာချက်က Big Bang ပေါက်ကွဲမှုကစလို့ ဂလက်ဆီဖြစ်ပေါ်မှုတွေအပေါ် ကျွန်တော်တို့နားလည်ထားတာကို ပုံစံပြောင်းပစ်လိုက်တယ်လို့ ဒီလေ့လာချက်ရဲ့တွဲဖက်တစ်ယောက်ဖြစ်တဲ့ ဖော့ချာဂီဂွာရဲ(Faucher Giguere)က ဆိုပါတယ်။ ဒီလေ့လာမှုကနေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေဟာ ဟိုးအဝေးကောင်းကင်က အရာတွေနဲ့ ဘယ်လိုမျိုး ဆက်စပ်နေသလဲဆိုတာ စိတ်ဝင်စားဖွယ် တွေ့ရှိလာစေပါတယ်လို့ သူက ပြောပါတယ်။

Ref: The Independent: Humans came from distant galaxies, along with everything else in the Milky Way

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top