အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကြား နျူကလီးယား ဖျက်သိမ်းဖို့ သဘောတူညီမှုရ

882178.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်တို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်ဖို့ ကတိပြုခဲ့သလို အမေရိကန်နိုင်ငံကလည်း ရန်သူဟောင်း မြောက်ကိုရီးယားနိုင်ငံကို လုံခြုံရေး အာမခံချက်ပေးဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲအပြီးမှာ ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ရည်မှန်းချက်အတိုင်း ဖြစ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားကို လုံခြုံရေးအာမခံချက် ပေးဖို့ ကတိပြုခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်ကလည်း ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား အလုံးစုံ ဖျက်သိမ်းရေးကို အခိုင်မာပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က နျူကလီးယားလက်နက် ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို အလျင်အမြန်ပဲ စတင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။

နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို ကတိတဝတ်ပြုခဲ့ပြီး အဲဒီလုပ်ငန်းစဉ်တွေမှာ မြောက်ကိုရီးယား ပြည်သူအများပြား ပါဝင် ပတ်သက်ရဖွယ်ရှိနေတယ်လို့ အမေရိကန်သမ္မတက ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ဒုံးကျည်အတွက် အသုံးပြုတဲ့ အဓိက စမ်းသပ်အင်ဂျင်ကို ဖျက်ဆီးပစ်မယ်လို့ သမ္မတဒေါ်နယ်ထရမ့်ကို ပြောခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကတော့ ရှိနေမှာဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား ကြားပူးတွဲစစ်ရေးလေကျင့်မှု ကို ရပ်တန့်ထားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။

အခုလိုမျိုးစစ်ရေးလေကျင့်မှု ရပ်လိုက်တာဟာ အမေရိကန်အတွက် ငွေကြေး အမြောက်မြားကို ထိန်းသိမ်းလိုက်ရာလည်း ရောက်တယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။

Ref: reuters “Trump Kim agree on denuclearization but deal seen symbolic”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top