ကမ္လာကျော်ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်ဟာ ဖလော်ရီဒါပြည်နယ်က Joe DiMaggio Children’s Hospital ကို အလည်လာခဲ့ပြီး ကလေးလူနာတွေနဲ့ ဝန်ထမ်းတွေကို အံ့အားသင့်စေခဲ့ပါတယ်။ လူနာဆောင်အတွင်းက ကလေးလူနာတွေနဲ့ တွေ့ဆုံခဲ့ပြီး ဓာတ်ပုံအတူတူတွဲရိုက်ခဲ့တဲ့အပြင် လက်မှတ်ပါတဲ့ စာအုပ်တွေကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။

ကလေးဆေးရုံကို တေလာဆွစ်ဖ် အလည်လာခဲ့တယ်ဆိုတာကို ဆေးရုံရဲ့ တရားဝင် X အကောင့်ကနေ မျှဝေပေးခဲ့တာပါ။ “တစ်နေ့တာကို အံ့အားသင့်သွားအောင် လုပ်ခဲ့တယ်။ ကလေးဆေးရုံအပေါ် ပံ့ပိုးကူညီမှုနဲ့ ကြင်နာတရားတွေယူဆောင်လာပေးတဲ့အတွက် တေလာဆွစ်ဖ်ကို ကျေးဇူးတင်ပါတယ်။ ဆေးရုံလျှောက်လမ်းကို ပျော်ရွှင်မှု၊ နှစ်သိမ့်ပေးမှုတွေနဲ့ ချိတ်ဆက်ပေးတဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့တယ်”လို့လည်း ဆေးရုံက စာရေးသားခဲ့ပါတယ်။
တေလာက လူနာတစ်ဦးရဲ့အခန်းထဲကိုဝင်ပြီးတော့ “ဟိုင်း…တေလာပါ။ တွေ့ရတာဝမ်းသာပါတယ်”လို့ ပြောနေတာကို ဗီဒီယိုမှာတွေ့ရပါတယ်။ အဲ့ဒီလူနာလေးက ဇိုးဆိုတဲ့ ကလေးမလေးပါ။ ဇိုးက တေလာကိုမြင်တော့ အံ့အားသင့်သွားခဲ့ရပါတယ်။ တေလာက ဇိုးကို ပွေ့ဖက်ပေးခဲ့သလို ဆုမွန်ကောင်းလည်းတောင်းပေးခဲ့ပါတယ်။ နောက်ထပ်အခန်းတွေကိုလည်း ဝင်ခဲ့ပြီး “ဟယ်လို”လို့ ပြောတော့ လူနာတွေက ပါးစပ်ကို အုပ်ကာ အံ့အားသင့်ခဲ့ကြပါတယ်။ “အို…ဘုရားသခင်”လို့လည်း ပြောခဲ့ကြပါတယ်။

တေလာက သူ့ချစ်သူနဲ့အတူ NHL Stanley Cup ဖိုင်နယ်ပွဲကို အတူတက်ရောက်ပြီး ၁ ရက်အကြာမှာ ကလေးဆေးရုံကို အလည်လာခဲ့တာဖြစ်ပါတယ်။
Ref: Taylor Swift visits Joe DiMaggio Children’s Hospital in Florida, surprises patients
WL ( ရိုးရာလေး)

