အီထယ်ဝန်လူအုပ်ပြိုမှုကို တားဆီးဖို့ တစ်ကိုယ်တည်း ကြိုးစားရှာခဲ့တဲ့ ဒု-ရဲအုပ်

4-11-2022yyl04.jpg

” ‌ဟောလိုးဝင်းပါတီညက အီထယ်ဝန်ရပ်ကွက်မှာ ရာဇဝတ်မှု တစ်ခုခုဖြစ်လာရင် အသင့်သွားနိုင်ဖို့ ကျွန်တော် စခန်းမှာ ရှိနေခဲ့တာပါ။ ည ၁၀ နာရီဝန်းကျင်လောက်ကျတော့ တွန်းလား၊ ထိုးလားဖြစ်နေတယ်ဆိုတဲ့ သတင်းရလို့ အီထယ်ဝန်လမ်းကြားထဲ ကျွန်တော် ရောက်သွားတာပါ” . . . ဒီစကားကို ပြောခဲ့သူကတော့ အီထယ်ဝန်ရဲစခန်းက ဒု-ရဲအုပ် ကင်ဘတ်ဂျုံပါ။ အဲဒီညက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကြောင့် အခုချိန်အထိ သူ တုန်လှုပ်နေဆဲပါပဲ။

ဟောလိုးဝင်းပါတီညမှာရော၊ ရှေ့ရက်တွေမှာပါ လူအုပ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး တစ်စွန်းတစ်စ ပြောခဲ့တာမျိုး မရှိပါဘူး။ လမ်းကြားထဲကို သူ ရောက်သွားတော့ လူအုပ်က တိုးမပေါက်အောင်ပါပဲ။ လမ်းမကြီးနဲ့ ဘားဆိုင်တွေရှိရာ လမ်းတွေကို ဆက်သွယ်ပေးထားတဲ့ ကုန်းဆင်းလမ်းမြှောင်လေးအောက်မှာ လူအုပ်ပြိုနေပါပြီ။

ဒီတော့ လူအုပ်ထပ်မပြိုအောင် တားဆီးဖို့ ဒု-ရဲအုပ် ကင်က လူတွေက လမ်းမြှောင်ထဲ ထပ်ဝင်မလာကြဖို့ အော်ဟစ်သတိပေးခဲ့ပါတယ်။ ” ခင်ဗျားတို့လည်း ရုပ်သံမှတ်တမ်းထဲမှာ တွေ့မှာပါ။ လူတွေကို တခြားနေရာ ရွှေ့ကြဖို့ ကျွန်တော် အော်ပြောနေတာလေ”လို့ ကင်က ဆိုပါတယ်။ ဒါကြောင့်လည်း တောင်ကိုရီးယားပြည်သူတွေက သူ့ရဲ့ လှုပ်ရှားမှုကို ချီးကျူးနေကြတာပါ။ ဒါပေမဲ့ ကင်ကတော့ သူ အကောင်းဆုံး မလုပ်ပေးနိုင်ခဲ့လို့ ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။

” လူတွေကို ကူညီပေးပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ကျွန်တော် မလုပ်ပေးနိုင်ခဲ့ဘူး။ အကောင်းဆုံး မလုပ်ပေးနိုင်ခဲ့ဘူး။ ကိုရီးယားရဲအရာရှိတစ်ယောက်အနေနဲ့ တာဝန်မကျေပွန်ခဲ့ပါဘူး။ အဲဒီအတွက် အရမ်းဝမ်းနည်းမိပါတယ်” လို့ ကင်က ပြောပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းအရ ကင်ဟာ လူတွေကို လမ်းမြှောင်ထဲ မဝင်ကြဖို့ အသည်းအသန် အော်ပြောနေတာ တွေ့ရပါတယ်။ ဒီမြင်ကွင်းဟာ အီထယ်ဝန်ရပ်ကွက်မှာ ရဲအင်အား မလုံလောက်တာကိုလည်း မီးမောင်းထိုးပြရာ ရောက်နေပါတယ်။

ဒု-ရဲအုပ် ကင်ဟာ အီထယ်ဝန်မြို့လယ် ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေပေမဲ့ အဲဒီညက ဟောလိုးဝင်းပါတီပွဲ ကျင်းပရာ လမ်းတွေမှာ တာဝန်ပေးအပ်ခံရသူ မဟုတ်ပါဘူး။ ဟောလိုးဝင်းပါတီပွဲညက အီထယ်ဝန်ရပ်ကွက် လမ်းတွေပေါ်မှာ လူ ၁ သိန်းကျော် ဆင်နွှဲခဲ့ကြပြီး လူအုပ်ပြိုမှုကြောင့် လူ ၁၅၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

အီထယ်ဝန်လူအုပ်ပြိုမှုမှာ သေဆုံးခဲ့သူတစ်ယောက်ရဲ့ မိခင်က ဒု-ရဲအုပ် ကင်ရဲ့ဆောင်ရွက်ပေးမှုတွေအတွက် ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ” ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်နေလို့ သူ့ကို ကျွန်တော် ကျေးဇူးတင်စကားတောင် မပြောနိုင်ခဲ့ဘူး” လို့ ကင်က ဆိုပါတယ်။

အီထယ်ဝန် လူအုပ်ပြိုမှုမတိုင်ခင် လူတွေ ကြိတ်ကြိတ်တိုး ဖြစ်နေလို့ ဖုန်းခေါ်ဆိုမှု ၁၀ ခုထက်မနည်း ရခဲ့တယ်လို့ တောင်ကိုရီးယားရဲမှူးချုပ်က ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်လှုပ်ရှားမှုနဲ့ပတ်သက်လို့ တောင်ကိုရီးယားပြည်သူတွေက ဒေါသထွက်နေကြပြီး ကျန်ရစ်သူမိသားစုတွေကလည်း အာဏာပိုင်တွေကို ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေက ဆိုးလ်မြို့တစ်ဝန်းမှာရှိတဲ့ ရဲစခန်း ၈ ခုကို ဝင်ရောက်စီးနင်းပြီး ဘယ်လိုတုံ့ပြန်လှုပ်ရှားခဲ့လဲဆိုတဲ့ သက်သေအထောက်အထားတွေ ရှာဖွေခဲ့ကြပါတယ်။ တစ်စထက် တစ်စ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ တောင်ကိုရီးယားအာဏာပိုင်တွေက လူအုပ်ထိန်းချုပ်မှုကို ကြိုတင်စီစဉ်ခဲ့ခြင်းမရှိသလို အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေကိုလည်း ထိထိရောက်ရောက် တုံ့ပြန်ခဲ့ခြင်းမရှိဘူးဆိုတာ ပိုမိုပေါ်လွင်နေပါတယ်။

Ref: Itaewon crush: The policeman who tried to stop Seoul’s Halloween disaster

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top