မီးတောထဲခုန်ဝင်ပြီး သူ့ညီမလေးကို ကယ်တင်ခဲ့တဲ့ (၇) နှစ်သားလေး

28-12-2020-yyl20.jpg

အသက် (၇) နှစ်ပဲ ရှိသေးတဲ့ အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ရဲ့အသက်ကို ကယ်တင်ဖို့အတွက် မီးလောင်နေတဲ့အိမ်ထဲ ခုန်ဝင်ခဲ့တဲ့ဖြစ်ရပ်တစ်ခု တင်နက်ဆီပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အီလီဆိုတဲ့ကောင်လေးဟာ ပြတင်းပေါက်ကနေတဆင့် သူ့ညီမလေးရဲ့အခန်းထဲကို ခုန်ဝင်ခဲ့ပြီး သူ့မိသားစုရဲ့အိမ်ကို ဖျက်စီးနေတဲ့ မီးထဲကနေ သူ့ညီမလေးကို ကယ်တင်ခဲ့တာပါ။ အီလီတို့မိသားစုဟာ သူတို့နေအိမ်မီးလောင်တာကို ဒီဇင်ဘာ ၈ ရက်နေ့က ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အဖြစ်အပျက်ကတော့ ဒီလိုပါ။ ခရစ်စ်နဲ့ နီကိုးလ် ဒေးဗစ်ဆန်တို့ဟာ သူတို့ရဲ့ကလေး (၃) ဦးနဲ့အတူ ညစာစားပြီးတဲ့နောက် ည ၈ နာရီခွဲလောက်မှာ အိပ်ရာဝင်ခဲ့ကြပါတယ်။ နာရီအနည်းငယ်ကြာတော့ မီးခိုငွေ့အနံ့ကြောင့် နီကိုးလ်ဒေးဗစ်ဆန်ဟာ အိပ်ရာကနေ နိုးလာပါတော့တယ်။ သူတို့ရဲ့အိမ်ကို မီးလောင်နေပြီး (၂၂) လအရွယ် အီရင် ဒေးဗစ်ဆန်က သူ့အခန်းထဲမှာ ပိတ်မိနေပါတော့တယ်။ ခရစ်စ်တို့စုံတွဲလည်း အသက် ၂ နှစ်အရွယ်သားလေး အီလီဂျက်ချ်နဲ့ အီလီတို့ကို ဆွဲခေါ်နိုင်ခဲ့ပေမဲ့ အီရင်ရဲ့အိမ်ခန်းကိုတော့ မီးတွေ ဝိုင်းနေပါတယ်။

“မီးခိုးငွေ့နဲ့ မီးတွေက သမီးလေးဆီသွားဖို့ အတော်လေးများနေခဲ့တယ်။ အဲဒါနဲ့ အပြင်ဘက်ပြတင်းပေါက်ကနေ သမီးလေးကို သွားခေါ်ဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ပြတင်းပေါက်ကနေတဆင့် အခန်းထဲဝင်လို့မရခဲ့ဘူး။ အဲဒါကြောင့်မို့ သာလေး အီလီက ပြတင်းပေါက်ကနေတဆင့် အခန်းထဲဝင်ပြီး သမီးလေးကို သွားခေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ အီလီအတွက် ဂုဏ်မယူဘဲနဲ့ မနေနိုင်ဘူး။ လူကြီးတွေတောင် လုပ်ဖို့ခဲယင်းတဲ့အရာတစ်ခုကို လုပ်ဆောင်ခဲ့တာပါ” လို့ ခရစ်စ် ဒေးဗစ်ဆန်က ပြောပါတယ်။

အီလီက သူ့ညီမလေးကို အချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ မီးသတ်သမားအယောက် (၂၀) ရောက်လာချိန်မှာတော့ အိမ်ကို မီးတောက်တွေက ဝါးမြိုနေပါပြီ။ မီးတောက်ကြီးကို အချိန်မီမငြိမ်းသက်နိုင်ခဲ့တဲ့အတွက် အိမ်ကတော့ ဘာမှမကျန်တော့ပါဘူး။ “သား မလုပ်နိုင်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သား ညီမလေးကို သွားခေါ်မယ်လို့ အဖေ့ကို သားပြောခဲ့တယ်။ သား ကြောက်တော့ကြောက်ခဲ့တယ်။ ဒါပေမဲ့ သားရဲ့ညီမလေးကို မသေချင်ခဲ့ဘူး”လို့ အီလီက ပြောပါတယ်။

တကယ်တော့ ကလေး (၃) ဦးလုံးက ခရစ်စ်ဒေးဗစ်ဆန်တို့ရဲ့ကလေးအရင်းတွေမဟုတ်ပါဘူး။ ဒေးဗစ်ဆန်တို့စုံတွဲက အီလီတို့ကိုတော့ မွေးစားခဲ့တာပါ။ ဒေးဗစ်ဆန်တို့စုံတွဲကလည်း မီးသတ်သမားဟောင်းတွေပါပဲ။ အခုဆိုရင် သူတို့မိသားစုက ကပ်ရောဂါဒဏ်ကြောင့် အလုပ်ဆုံးရှုံးနေရတဲ့အပြင် မီးဘေးဒဏ်ကိုလည်း ခံစားနေရပါတယ်။ ဒါကြောင့် သူတို့ကို ထောက်ပံ့ကူညီပေးဖို့အတွက် GoFundMe နဲ့ရန်ပုံငွေရှာနေပါတယ်။ “ကျွန်တော်တို့မှာ ရှိခဲ့တဲ့အရာအားလုံးဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့ဘဝတစ်ခုလုံးက ဒီအိမ်မှာပဲရှိခဲ့တာပါ။ ကျွန်တော်တို့ရဲ့ကား (၃) စီးကလည်း မီးထဲမှာ ပျက်စီးသွားခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဘာမှမရှိတော့ပါဘူး”လို့ ခရစ်စ် ဒေးဗစ်ဆန်က ပြောပါတယ်။

Ref: CNN “A 7-year-old boy went back into a burning home to save his baby sister”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top