သင်္ချာချိန်မှာ သူငယ်တန်းကျောင်းသားလေး ရို့စ်ကို ဆရာမက စာမေးတယ်။ ရို့စ်ရေ ဆရာမက မင်းကို ပန်းသီး တစ်လုံးပေးမယ်။ ပြီးတော့ နောက်တစ်လုံး ပေးမယ်။ ပြီးရင် နောက်ထပ်တစ်လုံး ထပ်ပေးလိုက်မယ်။ အဲဒါဆိုရင် မင်းဆီမှာ ပန်းသီး ဘယ်နှစ်လုံး ဖြစ်သွားမလဲ။ ရို့စ်က အတန်ကြာအောင် စဉ်းစားပြီး ” ၄ လုံး ”လို့ ဖြေတယ်။ ရို့စ်က မေးခွန်းကို သေချာနားမထောင်လိုက်တာဖြစ်မယ်လို့ ထင်ပြီး ဆရာမက နောက်တစ်ခါ ထပ်မေးတော့လည်း ရို့စ်က ” ၄ လုံး”လို့ပဲ ဖြေပြန်တယ်။
ရို့စ်က ပန်းသီးမကြိုက်လို့ အာရုံ သေချာမစိုက်တာ ဖြစ်မယ်။ သူ ကြိုက်တဲ့ စတော်ဘယ်ရီသီးနဲ့ မေးကြည့်မယ်လို့ ဆရာမက အကြံရသွားတယ်။ ရို့စ်ရေ ဆရာမက မင်းကို စတော်ဘယ်ရီသီး တစ်လုံးပေးမယ်။ ပြီးတော့ နောက်တစ်လုံး ပေးမယ်။ ပြီးရင် နောက်ထပ်တစ်လုံး ထပ်ပေးလိုက်မယ်။ အဲဒါဆိုရင် မင်းဆီမှာ စတော်ဘယ်ရီသီး ဘယ်နှစ်လုံး ဖြစ်သွားမလဲ။ ရို့စ်က လက်ချိုးရေပြီး ” ၃ လုံး”လို့ ဖြေလိုက်တယ်။ ဆရာမလည်း သူ လိုချင်တဲ့အဖြေ ရသွားတော့ ပြုံးသွားတယ်။ ဒါပေမဲ့ သူက မကျေနပ်သေးဘူး။
စတော်ဘယ်ရီသီးအစား ပန်းသီးကို အစားထိုးပြီး အလားတူ မေးခွန်း ပြန်မေးတဲ့အခါ ရို့စ်က ” ၄ လုံး”လို့ ဖြေပြန်တယ်။ ဆရာမလည်း ဒေါသနည်းနည်းထွက်သွားတယ်။ မေးခွန်းအတူတူပဲလေ။ စတော်ဘယ်ရီသီးတုန်းက ၃ လုံးလို့ ဖြေပြီး ပန်းသီးကျမှ ဘာလို့ ၄ လုံး ဖြေတာလဲ ရို့စ်လို့ လေသံမာမာနဲ့ပြောတဲ့အခါ ရို့စ် ပြန်ဖြေလိုက်တာက ” သား အိတ်ထဲမှာ ပန်းသီးတစ်လုံး ပါလာပြီးသား ဆရာမ”တဲ့။
အလွန်ရိုးရှင်းတဲ့ အဖြစ်အပျက်လေး တစ်ခုဆိုပေမဲ့ သင်ခန်းစာယူစရာကတော့ ဖြစ်ရပ်တိုင်းမှာ ကိုယ် မျှော်လင့်ထားတဲ့အဖြေကသာ အဖြေမှန် မဟုတ်ဘူးဆိုတာပါပဲ။ လူတိုင်းမှာ ကိုယ်မသိတဲ့ အကြောင်းအရာတွေ၊ ရှုထောင့်တွေ ရှိနေတတ်တာပါပဲ။
Ref: The Right Answer
NZ ( ရိုးရာလေး)