စားသုံးသူတစ်ဦးက သူမနက်စာ စားခဲ့တဲ့ ဆိုင်က ဝန်ထမ်းတွေကို ဘောက်ဆူး ဒေါ်လာ ၁၄၀၀ ပေးခဲ့တဲ့ဖြစ်ရပ်

27-1-2021-yyl-31.jpg

အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ်က စားသောက်ဆိုင်တစ်ခုမှာ မနက်စာလာရောက်စားသုံးခဲ့တဲ့ အမျိုးသားတစ်ဦးက ဆိုင်က ဝန်ထမ်းတွေအတွက် ဘောက်ဆူးအဖြစ် ဒေါ်လာ ၁၄၀၀ တောင် ပေးခဲ့ပါတယ်။ အဆိုပါ အမျိုးသား ဟာ “ ကိုဗစ် က စိတ်ပျက်စရာပဲ “ လို့ရေးထားတဲ့ သူ့ရဲ့ မက်ဆေ့ချ် စာကြောင်းလေးနဲ့ ဒေါ်လာ ၁၄၀၀ ကို သူ့ရဲ့ မနက်စာဖိုးနဲ့အတူ စားပွဲပေါ်မှာ တင်ထားပေးခဲ့ပါတယ်။

အဲ့ဒီ Notchtop Bakery & Cafe လို့ အမည်ရတဲ့ စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်သူ Nailya Khametvalieva က ဘောက်ဆူးပေးခဲ့တဲ့ အမျိုးသားရဲ့ နာမည်ဟာ ဒေးဗစ် ဖြစ်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ဆိုင်ပိုင်ရှင် အမျိုးသမီးရဲ့ပြောကြားချက်အရ ဒေးဗစ် ဟာ သူ့ရဲ့မနက်စာဖိုးကို ရှင်းဖို့ ပြေစာတောင်းခဲ့တဲ့အချိန်မှာ စားပွဲထိုးဝန်ထမ်းကို “ ဒီဆိုင်မှာ ဒီနေ့လူဘယ်နှစ်ယောက်လောက် အလုပ်လုပ်နေသလဲ “လို့ မေးခဲ့တယ်လို့ သိရပါတယ်။

စားပွဲထိုးဝန်ထမ်းက ၇ ယောက်လုပ်နေတယ်လို့ပြန်ပြောခဲ့တဲ့ အဖြေစကားကို သိရပြီးနောက် ဒေးဗစ် ဟာ ပြေစာပေါ်မှာ “ ကိုဗစ် က စိတ်ပျက်စရာပဲ ၊ ဝန်ထမ်း တစ်ယောက်ကို ဒေါ်လာ ၂၀၀ စီ ခွဲဝေယူလိုက်ကြပါ “ လို့ ရေးသားကာ ဒေါ်လာ ၁၄၀၀ ကို သူ့ရဲ့ မနက်စာဖိုး ဒေါ်လာ ၂၀ နဲ့အတူ ချန်ထားခဲ့ပါတယ်။

အဲ့ဒီအကြောင်းကို ဆိုင်ပိုင်ရှင် Nailya က “ ဒီဖြစ်ရပ်ကြောင့် စားပွဲထိုးဝန်ထမ်းတွေ ၊ စားဖိုမှူးတွေနဲ့ ဝန်ထမ်းအားလုံးဟာ မျက်ရည်ကျလောက်အောင် ဖြစ်ခဲ့ရပါတယ်။ ပုံမှန်ဆိုရင် ဘောက်ဆူးပေးကြတဲ့ စားသုံးသူတွေဟာ စားဖိုမှူးတွေကို မေ့နေတက်ကြပါတယ်။ အခုတော့ ဒီတစ်ခါ ဘောင်ဆူးပေးခဲ့တဲ့သူက စားဖိုမှူးတွေအတွက်ပါ ပေးသွားတော့ စားဖိုမှူးတွေက အံ့အားသင့်နေကြပါတယ်။ ဒီလောက်ငွေပမာဏကို ပေးခဲ့တာကြောင့် ကျွန်မတို့အားလုံး စိတ်လှုပ်ရှားအံ့ဩခဲ့ရပါတယ်။ ကျွန်မတို့ သူ့ကို အရမ်းကျေးဇူးတင်မိပါတယ် “ လို့ ပြောခဲ့ပါတယ်။

Jayme Johnson လို့ အမည်ရတဲ့ ဆိုင်ဝန်ထမ်းတစ်ယောက်ကလည်း ဒေးဗစ် ပေးခဲ့တဲ့ ဘောက်ဆူးငွေဟာ သူ့မိသားစုအတွက် များစွာအထောက်အကူဖြစ်ခဲ့တယ်လို့ အခုလိုပြောပါတယ်။ “ ကျွန်မ အတွက် ဒေါ်လာ၂၀၀ ရခဲ့သလို ဒီဆိုင်မှာအတူလုပ်နေတဲ့ ကျွန်မ ယောက်ျား နဲ့ သမီးကလည်း ဒေါ်လာ ၂၀၀ စီရခဲ့တာကြောင့် ကျွန်မတို့မိသားစုအတွက် လိုအပ်တာတွေကို ဝယ်နိုင်ခဲ့ပါပြီ “ လို့ ဖွင့်ဟ ပြောခဲ့ပါတယ်။

Nailya က ဒီဆိုင်လေးကို လုံးဝမပိတ်ပဲ ဖွင့်လာတာ ၁၀ နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။ မနှစ်က သူတို့မြို့မှာ တောမီးလောင်တဲ့ ကိစ္စနဲ့ ဒီနှစ် ကပ်ရောဂါကြောင့် သူ့ရဲ့ဆိုင်လေးဟာ ငွေရေးကြေးရေးအရ ခက်ခက်ခဲခဲရုန်းကန်နေရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တစ်ခြား စားသုံးသူတွေကလည်း ဒေးဗစ် လိုပဲ သူ့ရဲ့ဆိုင်လေး ဆက်လက်ရပ်တည်နိုင်ဖို့ တက်နိုင်သလောက် ကူညီထောက်ပံ့ပေးကြတယ်လို့ ပြောပါတယ်။

Ref: CNN: Customer leaves ‘Covid sucks!’ message and a $1,400 tip at a Colorado restaurant

ငြိမ်းချမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top