ဆီးချိုရှိလည်း အသက်ရှည်ရှည် နေလို့ရမယ့် လျှို့ဝှက်ချက်

4-8-2020-yyl-015.jpg

အမျိုးအစား (၂) ဆီးချိုရောဂါဆိုတာ လူကြီးတွေရော လူငယ်တွေမှာပါ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်မျိုးပါ။ နေထိုင်စားသောက်မှု ပုံစံ မှားယွင်းတာအပြင် မွေးရာပါ အားနည်းချက်၊ မိဘမျိုးရိုး လိုက်တာ စတဲ့အချက်တွေကြောင့် ဆီးချိုရောဂါ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆီးချိုရောဂါသည် ဆေးနဲ့သာ ထိန်းချုပ်ထားလို့ရပြီး ရောဂါလုံးဝမပျောက်တဲ့ နာတာရှည်ရောဂါ အမျိုးအစားဖြစ်လို့ တော်တော်များများက ဆီးချိုဖြစ်ပြီဆိုရင် အလွန်စိတ်ဓာတ်ကျပါတယ်။ ဒီနေရာမှာ ပြောပြချင်တာကတော့ ရောဂါရှိနေတဲ့တိုင်အောင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာလေး ပြင်ဆင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းမာအသက်ရှည်စွာ နေထိုင်သွားနိုင်မှာပါ။
ဒါဆို ဘာတွေ ပြင်ဆင်ဖို့လိုမလဲ။

အရင်ဆုံး စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ။ ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ ရသလို ဖြစ်ပြီးသွားရင်လည်း နောက်ပြန်ဆုတ်လို့ မရတော့တဲ့အတွက် စိတ်ပိုင်းဖြတ်ပြီး အားတင်းပါ။ ဆရာဝန်ပြောတဲ့ နည်းလမ်းတွေအပြင် ကိုယ့်ကျန်းမာရေးအတွက် ကောင်းကျိုး ဖြစ်စေမယ့် အရာတွေကိုသာ ပိုပြီး လုပ်ပေးပါ။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ ဆီးချိုကို ပိုဆိုးစေနိုင်တဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ထိန်းချုပ်ပါ။ ရောဂါအတွက် သောက်ဆေးတွေကို နေ့စဉ်ပုံမှန်သောက်ပေးပြီး ဆရာဝန် ရက်ချိန်းအတွက် သွားရောက်ကုသမှု ခံယူပါ။ အပိုထပ်ဆောင်းအနေနဲ့ ခုပြောမယ့် အချက်တွေကို မှတ်ထားပြီး နေ့စဉ်လိုက်နာ ကျင့်သုံးပေးပါ။

၁။ အစာအာဟာရ ပုံစံ ပြောင်းလဲခြင်း

နေ့စဉ် အစာအာဟာရစုံလင်စွာ စားသောက်ခြင်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်စေမယ့် အစားအစာတွေကို ရှောင်ခြင်းက ကိုယ့်ကို ကျန်းမာအသက်ရှည်စေနိုင်တဲ့ အဓိက သော့ချက်တွေထဲက တစ်ခုပါ။ ဒီအတွက် ကိုယ့်ရဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဘာတွေစားသောက်သင့်လဲ၊ ရှောင်ရမလဲဆိုတာကို သေချာမေးမြန်းပြီး ဒီပုံစံအတိုင်း နေ့စဉ် မဖြစ်မနေ စားသောက်ပါ။ အဆီ၊ အချို၊ အငန် စတဲ့ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရော တက်စေနိုင်တဲ့ အစားအစာတွေကို ရှောင်ပေးပါ။ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့၊ အဆီနည်းတဲ့ အစားအစာတွေကို ပိုစားပေးပါ။ ငါး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေကို များများ စားပေးပါ။

၂။ လေ့ကျင့်ခန်းကို နေ့စဉ် လုပ်ပေးခြင်း

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတဲ့အခါ သွေးလည်ပတ်စီးဆင်းနှုန်း ကောင်းစေသလို နှလုံးကျန်းမာစေတယ်။ သွေးတွင်းသကြားဓာတ်နဲ့ မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်။ အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးတဲ့အတွက် ဆီးချိုကို ထိန်းညှိပေးနိုင်သလို နောက်ဆက်တွဲ သွေးတိုး၊ နှလုံးရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုသမားတွေအတွက် နေ့စဉ် အနည်းဆုံး နာရီဝက်ခန့် အပြင်းအထန် လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ လူ့ဘဝသက်တမ်းကို ရှည်ကြာအောင် ဆွဲဆန့်ထားလို့ ရပါတယ်နော်။ အမြဲတမ်း တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး ထိုင်နေတာထက် လမ်းထလျှောက်တာ၊ တစ်ခုခုထလုပ်တာမျိုး လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ သွေးတွင်းသကြားဓာတ်ကို နည်းနည်းချင်းစီ လျှော့ချပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

၃။ စိတ်ဖိစီးမှုကို လျှော့ချခြင်း

ဘယ်လောက်ပဲ စိတ်ဓာတ်ကြံံခိုင်နေတဲ့ လူတစ်ယောက်ဖြစ်နေပါစေ လောကဓံရဲ့ တိုက်စားမှုဒဏ်ဟာ ခဏတဖြုတ်တော့ လဲပြိုရဆဲပါ။ ဒီဘက်ခေတ်လို အပြိုင်အဆိုင်များပြီးတော့ ငွေရေးကြေးရေး၊ လူမှုရေး အခက်အခဲတွေ ပိုများတဲ့ ကာလမျိုးမှာဆိုရင် စိတ်ဖိစီးမှုတွေကို ပိုပြီးတောင် ခံစားရနိုင်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချခြင်းဟာ ဆီးချိုရောဂါအတွက်သာမက စိတ်နဲ့ ခန္ဓာ၊ နှလုံးကျန်းမာရေးအတွက်ပါ အကျိုးထူးရရှိစေနိုင်မှာပါ။ စိတ်ဖိစီးမှုကို လျှော့ချဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ၊ စိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ၊ အစာအာဟာရကို ဂရုစိုက်တာ၊ ညဘက်ကို ပြည့်ဝစွာ အိပ်စက်အနားယူတာမျိုး လုပ်ပေးလို့ ရပါတယ်။

၄။ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ခြင်း

ဆေးလိပ်သောက်လို့ လူ့အသက်တိုတာကလွဲပြီး ဘာကောင်းကျိုးမှ မရပါဘူးနော်။ အခုလိုမျိုး နာတာရှည်ရောဂါဖြစ်လို့ ကိုယ့်ကျန်းမာရေးကို ပိုပြီး ဂရုစိုက်နေရမယ့်အချိန်မှာ ဒီဆေးလိပ်ကို စောစော ဖြတ်ဖို့ ကြိုးစားတာ အကောင်းဆုံးဖြစ်မှာပါ။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ အမောမခံတာ၊ နှလုံးမကောင်းတာ၊ အမြင်အာရုံပျက်စီးတာ၊ ဦးနှောက်အာရုံကြော ပျက်စီးတာ၊ အဆုတ်ပျက်စီးတာတွေထိပါ ဖြစ်နိုင်လို့ မကောင်းတဲ့ အကျင့်ကို ခုကတည်းက ဖြတ်ဖို့ ကြိုးစားသင့်နေပါပြီ။

ဆီးချိုအတွက် ကိုယ့်ဘက်က ပြောင်းလဲပြင်ဆင်သင့်တဲ့ နေထိုင်မှုပုံစံတွေအတိုင်း လိုက်နာကျင့်သုံးပြီးရင်လည်း ဆေးကို သေချာသောက်မယ်၊ ဆရာဝန်နဲ့ အမြဲပြသပြီး ကိုယ့်ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေမယ်ဆိုရင် ကျန်းမာအသက်ရှည်မှာ မလွဲမသွေပါပဲ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top