အပူရှပ်အန္တရာယ် ဒီလိုကာကွယ်ကြမယ်

sun.png

လူတွေရဲ့ မဆင်မခြင်လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာကြီးဟာတစ်နှစ်ထက်တစ်နှစ် အပူချိန်တွေတိုးလို့ ရေခဲမြစ်တွေအရည်ပျော်ကျနေပါပြီ။ ပူပြင်းလာတဲ့ အပူချိန်ကြောင့် နွေတာရှည်လာပြီး ဆောင်းနဲ့ မိုးကာလတွေက တိုတောင်းလာနေပါတယ်။ ဒီအချိန်မှာ အပူချိန်ကို မဖြစ်မနေအံတုဖို့ ပြင်ဆင်ထားရုံကလွဲလို့ဘာမှမတ်သာတော့ပါဘူး။ ပူပြင်းတဲ့နွေရာသီမှာ ခြောက်သွေ့မှုနဲ့အတူ ရောဂါတွေကလည်း အစုံအလင်ကို ပါလာတတ်တာပါ။ ဒီရောဂါတွေထဲမှာ အဖြစ်အများဆုံးက အပူရှပ်တာပါ။ အပူရှပ်တာကို ဘယ်လိုများကာကွယ်မလဲ။ ဒီဆောင်းပါးလေးဖတ်ရင်း အပူရှပ်တာကို တူတူ ကာကွယ်ကြရအောင်လေနော်။

အပူရှပ်ခြင်း

အပူရှပ်တယ်ဆိုတာက ခန္ဓာကိုယ် အပူချိန်အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်အပူချိန်မြင့်တက်တဲ့အခါမျိုးမှာတွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓာကိုယ်အပူချိန် (၁၀၄) ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက်မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။ နွေရာသီရဲ့လတွေအများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။

အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယဆိုရင် အပူရှပ်တာကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူး ပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။

အပူရှပ်ရင် ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပြီး အခုလိုလက္ခဏာတွေတွေ့ရပြီဆိုရင်တော့ အပူရှပ်တာကိုခံစားနေရတာပါ။

ခန္ဓာကိုယ်အပူချိန်များနေမယ် – ခန္ဓာကိုယ်အပူချိန်က (၁၀၄) ဒီဂရီဖာရင်ဟိုက် ( ၄၀ ဒီဂရိ စင်တီဂရိတ်) ဒါမှမဟုတ် ဒီအပူချိန်ထက်ပိုမြင့်နေတာမျိုးဖြစ်နေမယ်ဆိုရင်တော့ အပူရှပ်နေပြီဆိုတာကို မြင်သာတဲ့လက္ခဏာတစ်ခုပါ။

စိတ်အခြေအနေနဲ့ အပြုအမူပြောင်းလဲလာမယ် မယ္– အာရုံတွေရှုပ်ထွေးမယ်၊ စိတ်တွေအရမ်းလှုပ်ရှားနေမယ်၊ စကားတွေလုံးနေမယ်၊ ခြေကုန်လက်ပမ်းကျနေမယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ တက်မယ်။

ချွေးတွေအရမ်းထွက်မယ် – ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် အပူရှပ်တဲ့အခါ အရေပြားကအရမ်းပူပြီး ခြောက်သွေ့နေမယ်။ ချွေးတွေကလည်း အရမ်းထွက်နေမယ်။

မအီမသာဖြစ်ပြီး အော့အန်နေမယ် – ဗိုက်ထဲမှာ နေလို့မကောင်းဖြစ်ပြီး အော့အန်ချင်သလိုလိုဖြစ်နေမယ်။

အရေပြားတွေ ပူစပ်ပူလောင်ဖြစ်မယ် – ခန္ဓာကိုယ်အပူချိန်မြင့်တက်လာမှုနဲ့အတူ အရေပြားတွေ ပူစပ်ပူလောင်ဖြစ်လာနိုင်ပါတယ်။

အသက်ရှုမြန်လာမယ် – အသက်ရှုမဝသလိုလိုဖြစ်ပြီး အသက်ရှုနှုန်းအရမ်းမြန်လာနိုင်ပါတယ်။

နှလုံးခုန်မြန်လာမယ် – အပူချိန်မြင့်တက်မှုကြောင့် နှလုံးက ခန္ဓာကိုယ်အပူချိန်လျှော့သွားအောင် ကြိုးစားလုပ်ဆောင်ချိန်မှာ နှလုံးခုန်နှုန်းက အရမ်းမြန်လာနိုင်ပါတယ်။

ခေါင်းကိုက်လာမယ် – အပူချိန်မြင့်တက်မှုနဲ့အတူ ခေါင်းကိုက်ဝေဒနာကိုခံစားရနိုင်ပါတယ်။

နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အခြေအနေတွေ

အပူရှပ်တဲ့အခါ ခန္ဓာကိုယ်မှာ အပူချိန်ဘယ်လောက်ထိမြင့်တက်လဲဆိုတာနဲ့အချိန်ဘယ်လောက်ကြာကြာအထိမြင့်တက်ခဲ့လဲဆိုတဲ့အပေါ်မှာ မူတည်ပြီး နောက်ဆက်တါဲအခြေအနေတွေက ဆိုးရွားပြင်းထန်နိုင်ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတွေထိခိုက်ပျက်စီးမယ် – အပူရှပ်တဲ့အချိန်မှာ ခန္ဓာကိုယ် အပူချိန်ကို မြန်မြန်ကျအောင်မလုပ်ဆောင်နိုင်ဘူးဆိုရင် အပူရှပ်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့အခြားအရေးပါတဲ့ အစိတ်အပိုင်းတွေရောင်ရမ်းပြီး လုံးဝထိခိုက်ပျက်စီးသွားတာမျိုးကြုံရနိုင်ပါတယ်။

သေဆုံးမယ် – ချက်ချင်းကုသမှုမရရင်ဖြစ်ဖြစ်၊ လုံလောက်တဲ့ ကုသမှုမရရင်ဖြစ်ဖြစ် အပူရှပ်တာကြောင့် သေဆုံးနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

အပူရှပ်တာက ကာကွယ်လို့ရတဲ့အခြေအနေတစ်ခုပါ။ ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် အပူရှပ်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေသုံးပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။

အင်္ကျီအရောင်ဖျော့ဖျော့၊ ပွပွချောင်ချောင်တွေဝတ်ပါ – အင်္ကျီတွေကို ခပ်ကျပ်ကျပ်ဝတ်ဆင်တာက ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်ပါတယ်။

နေလောင်ဒဏ်ကနေကာကွယ်ပါ – နေလောင်တာကလည်း ခန္ဓာကိုယ်အပူချိန်ကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်နွေရာသီမှာ အပြင်ထွက်တော့မယ်ဆိုရင် ထီးတို့၊ ဦးထုတ်တို့ယူသွားတာမျိုးလုပ်ပေးပါ။ နေလောင်ကာခရင်မ်လူးပေးပါ။ ချည်သားအဝတ်ပွပွတွေဝတ်ဆင်ပေးပါ။ နေကာမျက်မှန်ဝတ်ဆင်ပေးပါ။

အရည်များများသောက်ပါ – ရေဓာတ်ပြည့်ဝနေမှုက ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ အရည်များများသောက်ပေးပါ။

ဆေးဝါးသောက်သုံးတဲ့အခါ သတိထားပါ – ဆေးဝါးတွေသောက်သုံးနေရသူတွေအနေနဲ့လည်း ရေများများသောက်တာ၊ အပူရှောင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ နောက်တစ်ချက်က သတိထားရမယ့် အချက်တွေရှိ၊မရှိကို ဆရာဝန်နဲ့မေးမြန်းရမှာပါ။

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့ – နွေပူတဲ့အခါ အလုပ်တွေကို ပင်ပင်ပန်းပန်းမလုပ်သင့်သလို လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာမျိုးကိုလည်းရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုလုပ်တာက ခန္ဓာကိုယ်အပူချိန်ကိုတိုးစေပြီး အပူရှပ်တာဖြစ်နိုင်ခြေတိုးစေနိုင်ပါတယ်။

နေပူနေချိန်မှာ အပြင်မထွက်ပါနဲ့ – အပူချိန်အမြင့်ဆုံးအချိန်တွေဖြစ်တဲ့ နေ့ခင်း (၁၁) နာရီ ကနေ (၃) နာရီအတွင်းမှာ အပြင်မထွက်ပါနဲ့။ အပူချိန်မြင့်တဲ့အချိန်မျာ အပြင်ထွက်တာက အပူရှပ်နိုင်ခြေပိုများစေတာကြောင့်ပါ။

အရက်တွေအလွန်အကျွံမသောက်ပါနဲ့ – အရက်သောက်သုံးမှုကလည်း ခန္ဓာကိုယ်အပူချိန်ကိုတိုးစေနိုင်တာကြောင့် နွေပူပူမှာ အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို တတ်နိုင်သမျှလျှော့သောက်ပါ။

လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ – လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပေးပါ။ ပိတ်လှောင်နေတဲ့အခန်းတွေ၊ လူထူထပ်တဲ့နေရာတွေ၊ အပူချိန်မြင့်တဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပါ။

ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top