မက္ကဆီကိုအနုပညာရှင် ဂျရတ်ပွန်တီယာဟာ LEGO အသုံးပြုပြီး လက်ရာမြောက် ပုံတူကားချပ်တွေ ဖန်တီးလျက် ရှိပါတယ်။ ၂ နှစ်သားအရွယ်ကတည်းက LEGO နဲ့ ကစားခဲ့တဲ့ ပွန်တီယာဟာ ၁၀ နှစ်အရွယ်မှာတော့ ကမ္ဘာ့ချန်ပီယံ LEGO Builder တစ်ယောက် ဖြစ်နေပါပြီ။ သူဟာ LEGO ကို ကြားခံကိရိယာတစ်ခုလို အသုံးပြုပြီး ပုံတူကားချပ်တွေ ဖန်တီးတဲ့ ကမ္ဘာ့ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို ဖန်တီးမှုအပိုင်းမှာတော့ စံတင်လောက်သူတစ်ဦးပါ။
ပွန်တီယာက ဂီတကိုလည်း ဝါသနာထုံပြီး နိုင်ငံတကာအသိအမှတ်ပြု တယောသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ဂီတဖျော်ဖြေပွဲ တော်တော်များများ ဖျက်လိုက်ရလို့ အားလပ်ချိန် ပိုရလာတဲ့အတွက် ပွန်တီယာက LEGO ဘက်ကို အာရုံ ပြန်စိုက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူက တယောအစစ်လို အသုံးပြုနိုင်တဲ့ ကမ္ဘာ့ပထမဆုံး တယောကို ဖန်တီးခဲ့ပါတယ်။
” 3D အရုပ်တစ်ခု အကြမ်းလုပ်ပြီး နံရံပေါ် ချိတ်ထားရင်း စဉ်းစားမိသွားတာပါ။ LEGO တွေက ကစားစရာ အရုပ်သပ်သပ် မဟုတ်ဘူး၊ ဆန်းပြားတဲ့ သဘောတရားတွေကို ဖော်ထုတ်ဖို့ အားကောင်းတဲ့ ကိရိယာဖြစ်တယ်လို့ နားလည်လာခဲ့တယ်။ အဲဒီအတွက် LEGO နဲ့ ပုံတူကားချပ်တွေ ဖန်တီးခဲ့တာပါ”လို့ ပွန်တီယာက ဆိုပါတယ်။
သူဟာ Lego အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အသွင်သဏ္ဍာန်နဲ့ အရောင်အသွေးကို အထူးဂရုပြုပြီး အံ့အားသင့်ဖွယ် လက်ရာမြောက်တဲ့ ပုံတူကားချပ်တွေ ဖန်တီးခဲ့တာပါ။ သူ လိုချင်တဲ့ LEGO အစိတ်အပိုင်းတွေကို ရဖို့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့နဲ့ ဥရောပနိုင်ငံတွေကနေ မှာယူခဲ့ပါတယ်။ ပွန်တီယာဟာ အခုချိန်ထိတော့ အသိအမှတ်ပြု လက်မှတ်ရ LEGO ဖန်တီးသူတစ်ဦး မဖြစ်သေးပါဘူး။ တကယ်လို့ သူသာ တရားဝင် အသိအမှတ်ပြု ခံရမယ်ဆိုရင် လက်တင်အမေရိကမှာ ပထမဆုံး အသိအမှတ်ပြုခံရသူ ဖြစ်လာမှာပါ။ လက်ရှိအချိန်အထိတော့ ကမ္ဘာပေါ်မှာ အသိအမှတ်ပြု လက်မှတ်ရ LEGO ဖန်တီးသူ ၂၃ ယောက်ပဲ ရှိပါသေးတယ်။
Ref: The Three-Dimensional LEGO Portraits of Gerardo Pontiérr
NZ ( ရိုးရာလေး)