အန္တရာယ်ကင်းတဲ့ ပျော်ရွှင်ခြင်း သင်္ကြန်ဆီသို့

yyl-026.jpg

သင်္ကြန်ကျပြီဆိုတော့ လူတိုင်းက ပျော်ရွှင်ဖို့စိတ်အားထက်သန်နေကြမှာပါ။ တစ်နှစ်မှာ တစ်ခါပဲ ကျင်းပရတဲ့ မြန်မာ့နှစ်ကူး သင်္ကြန်မှာ နှစ်ဟောင်းက စိတ်အညစ်အကြေးတွေကို သင်္ကြန်ရေအေးနဲ့ ဆေးကြောရမယ့် အချိန်ခါပါ။ ဒါပေမဲ့ အပျော်တွေရဲ့ နောက်ကွယ်မှာ ကျန်းမာရေးကိုလည်း မေ့ထားလို့မရပါဘူး။ အန္တရာယ်ကင်းတဲ့ ပျော်ရွှင်ခြင်း သင်္ကြန် ဖြစ်ဖို့ ရှောင်ရှားသင့်တာလေးတွေကြည့်ရအောင်…

ပထမဆုံးသတိထားသင့်တာက နွေအပူရှိန်ပါ။ သင်္ကြန်ရေက ရောဂါဘယမဖြစ်စေဘူးဆိုပေမယ့် ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေးနှိုးဆော်ချက်ကိုတော့ လျစ်လျူ ရှုမထားသင့်ပါဘူး။ မနက် ၁၀ နာရီ နဲ့ မွန်းလွဲ ၂ နာရီကြားမှာ နေအပူရှိန်အမြင့်ဆုံးဖြစ်လို့ ဒီလို အချိန်မျိုးမှာ ရေပက်ကစားခြင်း ကို ခဏနားထားသင့်ပါတယ်။ ဒါမှမဟုတ်လို့ ဒီအချိန်တွေမှာလည်း မနားတမ်း ရေဆော့မယ်ဆိုရင်တော့ sunscreen လေးလိမ်းထားကြပါ။ အရိပ်ရတဲ့နေရာတွေမှာ တတ်နိုင်သမျှနေပါ။ အင်္ကျီလက်ရှည်ဝတ်ပါ။ ဦးထုပ်ဆောင်းပါ။

ဒုတိယအချက်အနေနဲ့သင်္ကြန်ရေပက်ခံထွက်ရင်း မြင်မြင်သမျှဆိုင်က ရောင်းတဲ့ မုန့်တွေ ဝယ်မစားဖို့ပါ။ အဖုံးအကာမပါဘဲ ရောင်းနေတဲ့ လမ်းဘေးအစားအစာတွေ မစားပါနဲ့။ ဝမ်းပျက်ဝမ်းလျှောခြင်း ၊ အစာအဆိပ်သင့်ခြင်း နဲ့ အစာအိမ်ရောဂါ ဖြစ်ပွားမှာစိုးရင် သန့်ရှင်းမှု ရှိတဲ့ ဆိုင်က အစားအသောက်ကိုသာ ရွေးချယ်စားသောက်ပါ။

ဒီနှစ်ရဲ့ နွေအပူချိန်က မနှစ်ကထက် ပိုပူနိုင်ကြောင်း မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဒီနှစ်သင်္ကြန်မှာ ခန္ဓာကိုယ်တွင်း အအေးဓာတ်ကိုဂရုစိုက်ရပါမယ်။ ရေဓာတ်ခမ်းခြောက်ရင် ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း နဲ့ နှလုံးရပ်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ နေအပူချိန်မြင့်လာရင် ရေဆော့တာရပ်ပြီး အနားယူသင့်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်က သင်္ကြန်မဏ္ဍပ်တွေက ရေပန့်ပါ။ တချို့မဏ္ဍပ်တွေမှာဆို မီးသတ်ပိုက်လုံးကြီးတွေ နဲ့ ပက်ကြပါတယ်။ ဒါကပျော်စေချင်လို့ ပက်ကြတယ်ဆိုပေမဲ့ အပျော်ကနေ အပျက်ဘက်ကူးသွား နိုင်ပြီး အန္တရာယ်ရှိပါတယ်။

သင်္ကြန်ကျပြီဆို တချို့လူတွေအတွက် စိတ်အပန်းဖြေတယ်ဆိုတဲ့နောက်မှာ အရက်သေစာ သောက်စားမူးယစ်ရမ်းကားခြင်းပါ ယှဉ်တွဲပါလာတတ်ပါတယ်။ သိထားသင့်တာကတော့ နေအပူရှိန်နဲ့အရက် က ကျန်းမာရေးပြသနာ တွေကိုဖိတ်ခေါ်နေတာဆိုတာပါ။ ဒါကြောင့် ပျော်ခြင်းရဲ့ တစ်ဘက်မှာ ကျန်းမာရေးကိုလည်း ဂရုစိုက်တဲ့ အနေနဲ့ အတိုင်းအဆနဲ့ သောက်သုံးကြဖို့လိုပါတယ်။

မြန်မာ့ရိုးရာ နှစ်သစ်သင်္ကြန်ဆိုတာ ကုသိုလ်ကောင်းမှု ပြုနိုင်ဖို့ အချိန်တစ်ခု သိကြားမင်းက သတ်မှတ်ပေးလိုက်တာပါ။ နှစ်ဟောင်း က အညစ်အကြေးတွေကို ကုသိုလ်ရေနဲ့ ဆေးကြောနိုင်သမျှ ဆေးကြောဖို့ ကြိုးစားရင်း အန္တရာယ်ကင်းတဲ့ ပျော်ရွှင်ခြင်း သင်္ကြန်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း ခြွေလိုက်ပါတယ်။

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top