၆ မိနစ်အတွင်း ခန်းမကြီးတစ်ခုလို ပြောင်းလဲနိုင်စွမ်းရှိတဲ့ အသွင်ပြောင်းထရပ်ကား

11.10.2024-yyl-1.png

ခလုပ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ခန်းမကြီးတစ်ခုလို အသွင်ပြောင်းသွားနိုင်တဲ့ ထရပ်ကားတွေဟာ တရုတ်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ရေပန်းစားနေပါတယ်။ ထရပ်ကားထဲမှာ ခေါက်သိမ်းထားတဲ့ ကြမ်းခင်းတွေကို ဖြန့်ထုတ်လိုက်တဲ့အခါ ၆ မိနစ်အတွင်း ခန်းမကြီးအဖြစ် ပြောင်းလဲသွားတဲ့ ရုပ်သံမှတ်တမ်းက တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။

တရုတ်နိုင်ငံ အတွင်းပိုင်းမွန်ဂိုလီးယားဒေသမှာ စတင်ခဲ့တဲ့ အသွင်ပြောင်းထရပ်ကားတွေဟာ ဟိုင်လောင်ကျင်း၊ ကျီလင်း၊ ဂန်ဆုပြည်နယ်တွေအထိ ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ မြောက်ပိုင်းရှန်ဇီ၊ မြောက်ပိုင်းဟီပေနဲ့ အနောက်ပိုင်းရှန်တုံပြည်နယ်တွေကို ပျံ့နှံ့ခဲ့တာပါ။

အသွင်ပြောင်းထရပ်ကားတွေဟာ လူ ၂၀၀ အထိ ဆံ့ပြီး မင်္ဂလာဆောင်အခမ်းအနားကအစ ပျော်ပွဲရွှင်ပွဲတွေ၊ ပါတီပွဲတွေကျင်းပလေ့ရှိပါတယ်။ အသွင်ပြောင်းထရပ်ကားရဲ့ အတွင်းပိုင်းအပြင်အဆင်ဟာ စားသောက်ဆိုင်တွေရဲ့ ဆိုင်တွင်းအပြင်အဆင်ပုံစံမျိုးရှိပြီး လေအေးပေးစက်၊ ပရောဂျက်တာနဲ့ ကာရာအိုကေစက်တွေလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒါပေမဲ့ အသွင်ပြောင်းထရပ်ကားထဲမှာ မီးဖိုချောင်အတွက် နေရာထည့်သွင်းထားခြင်းမရှိလို့ အစားအစာတွေကို အခြားနေရာမှာ ချက်ပြီးမှ ကားပေါ်မှာ တည်ခင်းဧည့်ခံလို့ရမှာပါ။

အသွင်ပြောင်းထရပ်ကားပိုင်ရှင် မစ္စတာလျှို့ကတော့ ၁၇.၅ မီတာ ရှည်လျားတဲ့ သူ့ရဲ့ထရပ်ကားကို ၂ ရက်စာအတွက် ယွမ် ၈၀၀၀ ကောက်ခံတယ်လို့ ဆိုပါတယ်။ အသွင်ပြောင်းထရပ်ကားတန်ဖိုးက ယွမ် ၇ သိန်းကုန်ကျတာကြောင့် အရင်းကျေဖို့တော့ ပွဲတော်တော်များများလိုက်မှ ရမှာဖြစ်ပါတယ်။

Ref: Transformer Trucks – The Rise of China’s Mobile Banquet Vehicles
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top