ဆောင်းရာသီမုန်တိုင်းကြောင့် အမေရိကန်နဲ့ ကနေဒါမှာ အနည်းဆုံး လူ ၃၈ ယောက် သေဆုံး

26-12-2022-yyl-103.jpg

အလွန်အေးခဲတဲ့ အာတိတ်စက်ဝိုင်းက လေထုကြောင့် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ အပူချိန် အလွန်အမင်းကျဆင်းပြီး အနည်းဆုံး လူ ၃၈ ယောက် သေဆုံးခဲ့ပါတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းမှာ လူ ၃၄ ယောက် သေဆုံးခဲ့ပြီး နယူးယော့ခ်ပြည်နယ်၊ ဘက်ဖလိုမြို့ကတော့ အအေးဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရပါတယ်။

ကနေဒါနိုင်ငံ မာရစ်မြို့အနီး ရေခဲဖုံးလွှမ်းနေတဲ့ လမ်းပေါ်မှာ ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်ခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ အခုကြုံရတဲ့ ဆောင်းရာသီမုန်တိုင်းဟာ မကြုံစဖူး ပြင်းထန်လွန်းပြီး ကနေဒါနိုင်ငံကနေ မိုင် ၁၈၀၀ ကျော် ကွာဝေးတဲ့ ရီယိုဂရန်ဒီမြို့အထိ မုန်တိုင်းသင့်ခဲ့တာပါ။

ဆောင်းရာသီမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့သူ ၁.၇ သန်းအထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြုံတွေ့သူ ၂ သိန်းနီးပါး ရှိနေပါသေးတယ်။

လေကြောင်းခရီးစဉ်ထောင်ချီ ဖျက်သိမ်းခဲ့ရလို့ လူအများအပြားဟာ ခရစ္စမတ်ကာလမှာ မိသားစုနဲ့ ဆုံစည်းခွင့် မရခဲ့ပါဘူး။ လေအေးတိုက်ခတ်မှု သတိပေးချက် ထုတ်ပြန်မှုမှာ အမေရိကန်နိုင်ငံသား ၅၅ သန်းအထိ အကျုံးဝင်နေပါတယ်။

လေထုဖိအား ကျဆင်းရင် ဖြစ်ပေါ်လေ့ရှိတဲ့ ဗုံးဆိုင်ကလုန်း ဆောင်းရာသီမုန်တိုင်းကြောင့် ဆီးနှင်းပြင်းထန်စွာ ကျဆင်းပြီး လေအေးတိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း ခရီးသွားလာမှုတွေ ကစဉ့်ကလျား ဖြစ်ခဲ့ရပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာတော့ မုန်တိုင်းဒဏ် လျော့ပါးသွားလိမ့်မယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Ref: US storm: Dozens dead as big freeze grips North America

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top