ဂျပန်ပြဋ္ဌာန်းစာအုပ်ထဲမှ သီရိလင်္ကာအပြေးသမား

Karunananda-of-Sri-Lanka-The-Courageous-Loser-Who-Won-Hearts-at-the-1964-Tokyo-Olympics-003-scaled-e1628137254567.jpg

၁၉၆၄ ဂျပန်အိုလံပစ်ပြိုင်ပွဲမှာ အပြေးသမားတစ်ယောက်ကို လူတွေက အော်ဟစ်လှောင်ပြောင်နေကြတယ်။ တိုကျိုမြို့မှာရှိတဲ့ ဂျပန်အမျိုးသား အားကစားကွင်းထဲမှာ အမျိုးသား မီတာ ၁၀၀၀၀ ပြေးပွဲ ကျင်းပတာဖြစ်ပြီး အပြေးသမား ၃၈ ယောက် ဝင်ပြိုင်နေကြတာပါ။ မီတာ ၄၀၀ ရှည်လျားတဲ့ ပတ်လမ်းကို ၂၅ ပတ် ပြေးရတဲ့ပြိုင်ပွဲဖြစ်ပြီး နံပါတ် ၆၇ ဂျာစီ ဝတ်ဆင်ထားတဲ့ သီရိလင်္ကာ (ထိုစဉ်က ဆေလွန်)အပြေးသမားကို ပရိသတ်တွေက ဝိုင်းလှောင်နေကြတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲက အဖြေထွက်နေပြီးချိန်မှာ ဒီအပြေးသမားက မရပ်တန့်ဘဲ ဆက်ပြေးနေတာကြောင့်ပါပဲ။

ကရုဏာနန္ဒလို့ အမည်ရတဲ့ သီရီလင်္ကာအပြေးသမားဟာ ခြေကုန်လက်ပန်းကျပြီး တဖြည်းဖြည်း နှေးကွေးလေးလံလာပေမဲ့ ရပ်တန့်မသွားဘဲ ၂၅ ပတ်မပြည့်မချင်း ဆက်ပြေးနေခဲ့တာပါ။ အစပိုင်းမှာ ” ဘာကြောင်တာလဲဟ”လို့ ထင်နေတဲ့ ပရိသတ်တွေက လှောင်ပြောင်ကြပေမဲ့ တဖြည်းဖြည်းနဲ့ လှောင်ပြောင်သံတွေ ဆိတ်သုန်းသွားပြီး လက်ခုပ်သံတွေ၊ အော်ဟစ်အားပေးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပရိသတ် ၇ သောင်းဆံ့တဲ့ ကွင်းကြီးတစ်ခုလုံး လက်ခုပ်သံတွေဆူညံသွားတယ်။ တချို့ဆို မျက်ရည်တွေတောင် ကျနေတယ်။ မသိရင် သူတို့နိုင်ငံသား အားကစားသမားကို အားပေးနေကြတဲ့အတိုင်းပဲ။

ကရုဏာနန္ဒ ပန်းဝင်သွားတဲ့အချိန် သတင်းထောက်က သူ့ကို အင်တာဗျူး သွားလုပ်တယ်။ ”ဆုမရတော့ဘဲ ဘာကြောင့် ဆက်ပြေးနေတာလဲ” လို့ မေးတဲ့အခါ ကရုဏာနန္ဒက ” ကျွန်တော့်မှာ သမီးလေးတစ်ယောက်ရှိတယ်။ သူ ကြီးပြင်းလာလို့ တိုကျိုအိုလံပစ် လာပြိုင်တဲ့အကြောင်း ပြောပြရတဲ့အခါ သူ့အဖေက ပြိုင်ပွဲမှာ အနိုင်မရပေမဲ့ ပြီးဆုံးအောင် ပြေးနိုင်ခဲ့တယ်လို့ ပြောဖို့ပါပဲ”တဲ့။

တကယ်တော့ ကရုဏာနန္ဒဟာ အိုလံပစ်ပြိုင်ပွဲ မစခင် တစ်ပတ်အလိုမှာ အဖျားရောဂါ ခံစားခဲ့ရတယ်။ သူ့မှာ ပြိုင်ပွဲဝင်နိုင်မယ့် ရုပ်ပိုင်းဆိုင်ရာမျိုး မရှိဘူး။ ပြိုင်ပွဲအတွက် အသင့်မဖြစ်ဘူး။ ဒါပေမဲ့ သီရိလင်္ကာက ဆင်းရဲတယ်၊ အိုလံပစ်ပြိုင်ပွဲဝင်မယ့် ကစားသမားတွေ စေလွှတ်ဖို့ဆိုတာ သူတို့နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးပါပဲ။ နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရချိန်မှာ ဒီအခွင့်အရေးကို သူ မဖြုန်းတီးချင်ဘူး။ အနိုင်မရရင်တောင် ပြီးဆုံးအောင် ပြိုင်ခဲ့တယ်ဆိုတာ သူ့အတွက် အရေးပါတဲ့ မှတ်တမ်းတစ်ခုပဲ။

ဒီလုပ်ရပ်ဟာ ဂျပန်ပြည်သူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တယ်။ သူ့အကြောင်းကို ဂျပန်နိုင်ငံရဲ့ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းဖော်ပြတယ်။ ”နံပါတ် ၆၇ ဂျာစီ”ဆိုတဲ့ အကြောင်းအရာကို သန်းပေါင်းများစွာသော ဂျပန်ကျောင်းသား/သူတွေ ဖတ်ရှုလေ့လာခဲ့တယ်။ ၂၀၁၆ ခုနှစ်ကစပြီး ဒီအကြောင်းကို အင်္ဂလိပ်စာနဲ့ ရေးသားပြီး အထက်တန်းအဆင့်မှာ ထည့်သွင်းဖော်ပြခဲ့တယ်။ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ရောက်ခါနီးတိုင်း ဂျပန်မီဒီယာတွေက သူ့အကြောင်းကို ဖော်ပြခဲ့ကြတယ်။

၁၉၆၄ အိုလံပစ်ပြိုင်ပွဲအပြီး ၁၀ နှစ်အကြာမှာ ကရုဏာနန္ဒက မတော်တဆမှုဖြစ်ပြီး ကွယ်လွန်ခဲ့တယ်။ သူ ကွယ်လွန်ချိန်မှာ အသက် ၃၈ နှစ်ပဲ ရှိပါသေးတယ်။ အိုလံပစ်ပြိုင်ပွဲအပြီး ၅၂ နှစ်အကြာဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာတော့ အံ့အားသင့်စရာ ဖြစ်ရပ်လေးတစ်ခု ပေါ်ပေါက်ခဲ့တယ်။ သီရိလင်္ကာနိုင်ငံမှ မိန်းကလေးငယ်တစ်ယောက်က ဂျပန်နိုင်ငံမှာ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဘာသာရပ် လာရောက်လေ့လာတယ်။ သူ့နာမည်က အိုရှာဒီတဲ့။ သူကတော့ ကရုဏာနန္ဒရဲ့မြေးပါ။ ဂျပန်နိုင်ငံမှာ သူ့အဘိုးရဲ့အကြောင်းအရာကို ကျောင်းသုံးစာအုပ်မှာ ပြဋ္ဌာန်းဖော်ပြထားတာ မြင်လိုက်ရတော့ အိုရှာဒီ အံ့သြသွားတယ်။

အိုရှာဒီဟာ ဂျပန်စကားလည်း ကောင်းကောင်းမကျွမ်းကျင်၊ ကျောင်းစာတွေကလည်း ခက်တယ်ဆိုတော့ သူ့အနာဂတ်နဲ့ပတ်သက်ပြီး မတင်မကျ ဖြစ်နေခဲ့တယ်။ ဒီတော့ သီရိလင်္ကာနိုင်ငံပဲ ပြန်တော့မယ်လို့ သူ တွေးနေတဲ့အချိန် သူ့သူငယ်ချင်းတစ်ယောက်က အိုလံပစ်ပြိုင်ပွဲမှာ သူ့အဘိုး ပြေးနေတဲ့ ရုပ်သံမှတ်တမ်း ပို့လိုက်တယ်။ လှောင်ပြောင် အော်ဟစ်နေတဲ့ ပရိသတ်တွေကို လက်ခုပ်တီး အားပေးလာအောင် ပြောင်းလဲပစ်နိုင်ခဲ့တဲ့ အဘိုးဖြစ်သူရဲ့ လုပ်ရပ်ကို ကြည့်ပြီး အိုရှာဒီလည်း အားတက်လာတယ်။

” တစ်ခုခုကို စလုပ်မိရင် ပြီးဆုံးအောင် လုပ်”ဆိုတဲ့ သူ့အမေရဲ့ ဆုံးမစကားကိုလည်း ပြန်ကြားယောင်လာတယ်။ ဒါကြောင့် အိုရှာဒီက ဂျပန်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်။ သူဟာ ဘိုးဘွားပြုစု စောင့်ရှောက်ရေးလုပ်ငန်းကို ၂ နှစ် ထပ်လေ့လာခဲ့ပြီး ရှီဘူကာဝါမြို့ ဘိုးဘွားဂေဟာမှာ အလုပ်ဝင်လုပ်ခဲ့တယ်။ ဂျပန်အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ဂျပန်နိုင်ငံမှာ ဘဝတစ်ခု ထူထောင်ခဲ့တယ်။ သူ့ရဲ့အိပ်မက်ကတော့ ဂျပန်နိုင်ငံမှာ ပြုစုစောင့်ရှောက်ရေး ပညာရပ်ကို လေ့လာသင်ယူပြီး သီရိလင်္ကာနိုင်ငံအတွက် ပြန်အကျိုးပြုဖို့ပါပဲလို့ အိုရှာဒီက ဆိုပါတယ်။

တစ်ခါတရံမှာတော့ နောက်ဆုံးမှ ပန်းဝင်သူဟာလည်း လူတွေ အချိန်အကြာဆုံး သတိတရ ရှိနေသူ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ရှုံးနိမ့်မှုမဟုတ်ပါဘူး။ ဒါဟာ ပုံစံမတူတဲ့ အနိုင်ရမှုတစ်ခုပါပဲ။

Ref: Uniform Number 67

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top