ဧဝရတ်တောင်ကို တက်နိုင်ခဲ့တဲ့ ပထမဆုံးအာရှလူမျိုးမျက်မမြင်တောင်တက်သမားဖြစ်လာခဲ့သူ

Zhang-Hong.jpg

တရုတ်နိုင်ငံကတောင်တက်သမားတစ်ဦးကတော့ ဧဝရက်တောင်ကို တက်နိုင်ခဲ့တဲ့ ပထမဆုံးအာရှလူမျိုးမျက်မမြင်တောင်တက်သမားတစ်ဦးဖြစ်လာခဲ့ပါပြီ။ အသက် ၄၄ နှစ်အရွယ် ကျောင်ဟုန် (Zhang Hong) ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို ရောက်ရှိခဲ့တဲ့ တတိယမြောက်မျက်မမြင်တောင်တက်သမားလည်းဖြစ်ပါတယ်။ ကျောင်ဟာ သူ့ရဲ့ပဲ့ထိန်းနိုင်မှုနဲ့ ဒေသခံတွေရဲ့လမ်းပြမှုတွေကြောင့် မေလ ၂၄ ရက်နေ့မှာ တောင်ထိပ်ကို ရောက်ရှိခဲ့ပြီး ကတ်သ်မန်ဒူကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

၂၀၀၁ခုနှစ်က ဧဝရတ်တောင်ကို တက်ခဲ့တဲ့ အမေရိကန်မျက်မမြင်တောင်တက်သမား အဲရစ် ဝေဟမ်မေယာ (Eric Weihenmayer) က သူ့ကို တောင်တက်ဖို့ လှုပ်ဆော်ပေးနိုင်ခဲ့တာဖြစ်တယ်လို့ ကျောင်က ဆိုပါတယ်။ ဩစတြီးယားက တောင်တက်သမားတစ်ယောက်ကလည်း တောင်ထိပ်ကို ရောက်နိုင်ခဲ့တဲ့ ဒုတိယမြောက်မျက်မမြင်တောင်တက်သမားဖြစ်ခဲ့ပါတယ်။

ကျောင်ဟာ တိုက်ကြီး (၇) တိုက်က အမြင့်ဆုံးတောင်ထိပ်ကို တက်ဖို့ ရည်ရွယ်ထားပြီး အဲဒီနောက်မှာ မြောက်နဲ့တောင်ဝင်ရိုးစွန်းတွေဆီ အလည်အပတ်သွားဦးမှာဖြစ်ပါတယ်။ “ကျွန်တော် နောက်နှစ်အနည်းငယ်ကျရင် ကမ္ဘာတစ်ဝှမ်းက တိုက်ကြီး (၇) တိုက်ရဲ့ တောင်ထိပ် (၇) ခုကို ကြိုးစားပြီး တက်ကြည့်ဖို့ စီစဉ်ထားပါတယ်” လို့ ကျောင်က ပြောပါတယ်။

“ဒီနေ့ ကျွန်တော်ဒီမှာထိုင်ပြီး အဲရစ်ကိုစဉ်းစားမိတယ်။ သူက ကျွန်တော်ကို အခုလို အိပ်မက်မျိုးရှိလာဖို့နဲ့ အကောင်အထည်ဖော်ဖို့ လှုပ်ဆော်ပေးခဲ့ပြီး နောက်ဆုံးမှာ ကျွန်တော် ဒါကို လုပ်နိုင်ခဲ့ပါပြီ။ ကမ္ဘာတဝှမ်းလုံးမှာသာမကအာရှမှာပါ အမြင်အာရုံအားနည်းတဲ့သူတွေ ရှိမှာပါ။ ကျွန်တော်လုပ်ခဲ့တာတွေက သူတို့အတွက်လှုပ်ဆော်မှုဖြစ်စေနိုင်မယ်လို့မျှော်လင့်တယ်” လို့ ကျောင်က ဆိုပါတယ်။

ကျောင်ဟာ ရေတိမ်ကြောင့် အသက် ၂၁ နှစ်မှာ မျက်စိကွယ်သွားခဲ့ရတာပါ။ သူက တိဗက်မှာ သူ့ဇနီးနဲ့အတူ နေထိုင်ပြီး အဲဒီက ဆေးရုံတစ်ခုမှာ အနှိပ်သည်အလုပ်ကို လုပ်ကိုင်နေခဲ့ပါတယ်။ သူက ဧရတ်တောင်မတက်မီ ငါးနှစ်လေ့ကျင့်ခဲ့ရပါတယ်။ ၃၀ ကီလိုဂရမ် (၆၆ ပေါင်) လေးတဲ့အိတ်တွေကို သယ်ပြီး သူ အလုပ်လုပ်တဲ့ ဆေးရုံရဲ့လှေကားထစ်တွေကို တက်ကာ လေ့ကျင့်ခဲ့ရပါတယ်။ တရုတ်ပြည်က နိမ့်တဲ့တောင်တော်တော်များများကိုလည်း တက်ခဲ့ပါတယ်။

ဧဝရတ်တောင်တောင်တက်တဲ့အချိန်မှာ တောင်ပေါ်မှာ လေပြင်းထန်တဲ့အတွက် ခြေချောတဲ့လမ်းကြောင်းကို ထိန်းပြီး သွားလာဖို့နဲ့ ရေခဲစိုင်တွေကို ပတ်ပြီးသွားလာဖို့ ခက်ခဲခဲ့ပါတယ်။ အခုနှစ်မှာ နီပေါအစိုးရက နိုင်ငံခြားသားတောင်တက်သမားတွေအတွက် တောင်ကို ဖွင့်ပေးခဲ့ပြီးတဲ့နောက်မှာတော့ မေလမှာ နီပေါဘက်ခြမ်းကနေ ဧဝရတ်တောင်ကို လူရာချီ တက်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ ကိုဗစ်ကြောင့် တရုတ်နိုင်ငံက တောင်ရဲ့မြောက်ဘက်ခြမ်းကတော့ ပိတ်ထားခဲ့ပါတယ်။

တောင်တက်ခရီးစဉ်မစတင်ခင်မှာ ကျောင်ရဲ့အဖွဲ့သားတွေအားလုံးက ကာကွယ်ဆေးထိုးနှံခဲ့ပြီး တောင်ပေါ်မှာ အခြားတောင်တက်သမားတွေနဲ့ အကွာအဝေးခြားနေစေဖို့အတွက် သီးခြား တဲထိုးခဲ့ကြတယ်လို့ ကျောင်က ပြောပါတယ်။ နီပေါအာဏာပိုင်တွေက ဧဝရက်တောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိတယ်ဆိုတယ်လို့ ငြင်းဆိုခဲ့ပေမယ့် လမ်းပြတစ်ဦးကတော့ တောင်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု (၁၀၀) ကျော်ရှိတယ်လို့ ဆိုထားပါတယ်။

Ref: ABCNews “Chinese climber becomes 1st blind Asian to scale Everest”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top