အိန္ဒိယမှာ မင်္ဂလာဆောင်တဲ့အခါ သမီးရှင်တွေဘက်က ခန်းဝင်ပစ္စည်းဖိုးပေးရလို့ မိန်းကလေးတွေဆိုရင် ယောက်ျားလေး တွေလောက် အလေးမထားကြပေမယ့် ဒီရွာကတော့ အစဉ်အလာထဲကနေ ခွဲထွက်ပြီး ထူးခြားတဲ့ ဓလေ့ထုံးစံတစ်ခု ကျင့်သုံးနေပါတယ်။ လူ့အဖွဲ့အစည်းအတွက်ရော၊ သဘာဝပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိစေမယ့် ဒီဓလေ့က ဘာများဖြစ်မလဲ
လူ့အဖွဲ့အစည်းတိုင်းမှာ သားသမီးရတနာ ထွန်းကားတဲ့အခါ ကိုယ်ပိုင်ဓလေ့ထုံးစံအတိုင်း အထိမ်းအမှတ်တွေ လုပ်တတ်ကြပါတယ်။ အနောက်တိုင်း ယဉ်ကျေးမှုမှာ မိန်းကလေးမွေးတဲ့အခါ ပန်းရောင်ဝတ်စုံလေးတွေ၊ အရုပ်မလေးတွေ ဝယ်ပေးကြသလိုပေါ့။
အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ်က ပီပလန်ထရီရွာမှာတော့ သမီးမိန်းကလေး မွေးရင် ပျိုးပင် (၁၁၁) ပင် စိုက်ပျိုးတဲ့ဓလေ့ ရှိပါတယ်။ အစဉ်အလာအရ အိန္ဒိယနိုင်ငံရဲ့ ရွာအများစုမှာ မိန်းကလေးမွေးရင် မိသားစုအတွက်ဝန်ထုပ်ဝန်ပိုးလို့ သဘောထားကြပါတယ်။ ဘာလို့လဲဆိုတော့ လက်ထပ်ထိမ်းမြားတဲ့အခါ သမီးရှင်ဘက်က ခန်းဝင်ပစ္စည်းဖိုး အကုန်အကျခံရတဲ့ ထုံးစံကြောင့်ပါပဲ။ ဒါကြောင့် သမီးမိန်းကလေးဆိုရင် ယောက်ျားလေးတွေလောက် မမြှောက်စားကြသလို ဆုံးခန်းတိုင်အောင် ပညာသင်မပေးဘဲ (၁၈) နှစ်မပြည့်ခင် အိမ်ထောင်ချပေးတာမျိုး လုပ်တတ်ကြပါတယ်။
ဒါပေမဲ့ ပီပလန်ထရီရွာကတော့ ရှေးရိုးစဉ်လာ ဘောင်ထဲကနေ ဖောက်ထွက်ပြီး သမီးမိန်းကလေးမွေးရင် ပျိုးပင် (၁၁၁) ပင် စိုက်ပျိုးတဲ့ဓလေ့ထုံးစံ ကျင့်သုံးနေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတဲ့ သမီးကို ဂုဏ်ပြုတဲ့အနေနဲ့ ရွာသူကြီးဟောင်း ပါလီဝယ်က ဒီဓလေ့ကို မျိုးစေ့ချပေးခဲ့တာပါ။
သမီးမိန်းကလေး မွေးဖွားလာတဲ့အခါ ရွာသူရွာသားတွေ ပူးပေါင်းပြီး မိန်းကလေးအတွက် ယုံကြည်အပ်နှံငွေ ထူထောင်ကြပါတယ်။ ရူပီး ၃၁၀၀၀ (အမေရိကန်ဒေါ်လာ ၅၀၀) ပြည့်အောင် ထည့်ဝင်ရတဲ့ ယုံကြည်အပ်နှံငွေအတွက် မိန်းကလေးရဲ့မိဘတွေက ၃ ပုံ၊ ၁ ပုံ ထည့်ဝင်ရပြီး အဲဒီငွေကို နှစ် (၂၀) ရန်ပုံငွေအဖြစ် သိမ်းဆည်းထားပါတယ်။ ဒါကြောင့် မိဘတွေဟာ သမီးဖြစ်သူကို ဝန်ထုပ်ဝန်ပိုး တစ်ရပ်လို့ သဘောမထားကြတော့ပါဘူး။
ယုံကြည်အပ်နှံငွေ ထူထောင်တဲ့အခါ သမီးကို အသက် (၁၈) နှစ်ပြည့်ပြီး ထိုက်သင့်တဲ့ပညာရေး သင်ကြားပေးပြီးမှ အိမ်ထောင်ရက်သား ချပေးမယ်လို့ မိဘတွေက ကျမ်းသစ္စာကျိန်ဆိုရပါတယ်။ ကျမ်းသစ္စာကျိန်ဆိုရာမှာ ပျိုးပင် ၁၁၁ ပင် ကိုလည်း ရေလောင်း၊ ပေါင်းသင်ပြီး ဂရုတစိုက် ထိန်းသိမ်းသွားပါမယ်လို့ သစ္စာဆိုရပါတယ်။ သမီးမိန်းကလေးကို ပျိုးပင်လေးတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ပေးဖို့ ရည်ရွယ်တဲ့ ဒီဓလေ့ဟာ မိန်းကလေးငယ်တွေ ကို အခွင့်အရေး ပိုရစေရုံတင်မကဘဲ သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
ပါလီဝယ် မျိုးစေ့ချခဲ့တဲ့ ဒီဓလေ့ထုံးစံကြောင့် ပြီးခဲ့တဲ့ (၆) နှစ်တာကာလအတွင်း ပီပလန်ထရီရွာမှာ သစ်ပင် (၂၅၀၀၀၀) စိုက်ပျိုးနိုင်ခဲ့ပြီး ဒုစရိုက်မှုတွေလည်း သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့ ရွာသားတွေက ဆိုပါတယ်။ မျက်မှောက်ခေတ် ကာလမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးပြဿနာတွေ ဆက်နွယ်နေလို့ ပါလီဝယ်ရဲ့ နည်းလမ်းက အနာဂတ်အတွက် အကျိုးရှိစေတယ်လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ပျိုးပင်တွေဟာ တချိန်ကျရင် သဘာဝပတ်ဝန်းကျင်အတွက် အထောက်အပံ့ ဖြစ်စေမယ့် သစ်ပင်ကြီးတွေဖြစ်လာမှာမို့လို့ပါပဲ။
Nz (ရိုးရာလေး)
Ref:One Green Planet