စားသောက်ဆိုင်မှာ မွေးခဲ့လို့ ဆိုင်က စားစရာတွေကို တစ်သက်တာ အခမဲ့ စားသုံးခွင့်ရသွားတဲ့ ကလေးငယ်

38698867_1137189353099476_5097844417612480512_o-e1552207768663.jpg

ဖယ်လွန် (Falon) နဲ့ ရောဘတ်ဂရစ်ဖင် (Robert Griffin) တို့ ဇနီးမောင်နှံက ဆန်အန်တိုနီယို တက္ကသိုလ်ဆေးရုံကို စောစီးစွာ ရောက်ရှိပြီး သမီးဦးရတနာ မွေးဖွားဖို့အတွက် စိတ်ကူးနဲ့ ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးရုံမရောက်ခင် လမ်းမှာ ဖယ်လွန်က သန့်စင်ခန်း သွားချင်တဲ့အတွက် ဆိုင်တစ်ဆိုင်မှာ ခဏရပ်ပေးဖို့ ခင်ပွန်းသည်ကို ပြောခဲ့ပါတယ်။ ကိုယ်ဝန် ကိုးလ ရှိနေပြီဖြစ်တဲ့ ဖယ်လွန်က သန့်စင်ခန်း ခဏခဏသွားချင်တဲ့ ခံစားမှုဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အနီးအနားမှာ ရှိတဲ့ Chick-fil-A စားသောက်ဆိုင်မှာ ကားခဏရပ်ခဲ့ပါတယ်။

ည ၁၀ နာရီ ကျော်သွားပြီဖြစ်လို့ ဆိုင်တံခါး ပိတ်ထားပေမဲ့ ဇနီးသည်က သန့်စင်ခန်းသွားဖို့ မအောင့်နိုင်တာကြောင့် ရောဘတ်တစ်ယောက် ဆိုင်တံခါး ခေါက်ခဲ့တဲ့အခါ အထဲမှာ ဆိုင်သိမ်းနေဆဲ ဝန်ထမ်းတွေက သူတို့ကို ဆိုင်ထဲ ဝင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီအချိန်မှာ မထင်မှတ်ဘဲ ဆိုင်ထဲက သန့်စင်ခန်းနဲ့တွဲလျက် ရေချိုးခန်းက အရေးပေါ်အခန်း ဖြစ်သွားခဲ့ပါတယ်။ ဇနီးမောင်နှံရဲ့ သမီးဦးလေးက ဆေးရုံမှာမွေးဖို့ အချိန်မစောင့်နိုင်တော့ပဲ ရေးချိုးခန်းထဲမှာ မွေးဖွားဖို့ ဖြစ်လာခဲ့တာပါ။

ကလေးခေါင်းကို မြင်နေရပြီဖြစ်တဲ့အတွက် ဆေးရုံကိုသွားဖို့ မမီတော့ပဲ ဆိုင်မှာပဲ အကောင်းဆုံး မွေးချလိုက်ဖို့ ရောဘတ်က ဖယ်လွန်ကို အကြံပေးခဲ့ပါတယ်။ ကလေးမီးဖွားနေတဲ့ ဖယ်လွန်ရဲ့ အော်သံကို ကြားတဲ့အခါ ဆိုင်ဝန်ထမ်းတွေက ၉၁၁ ကို အပြေးအလွှား အကူအညီတောင်းဖို့ သတိရလိုက်ပါတယ်။

ဆိုင်ရဲ့ အော်ဒါ လက်ခံဖြေကြားပေးတဲ့ ဘရန်ဒါက သူ့ဘဝတစ်သက်မှာ အမှာစာ လက်ခံဖြေကြားတာတွေကို လုပ်ဆောင်ဖူးပေမဲ့ ကလေးမီးဖွားဖို့အတွက် ၉၁၁ ကို ဖုန်းဆက်ပေးရတာကတော့ ဒါပထမဆုံးလို့ ဆိုပါတယ်။ အရေးပေါ်ဌာန ၉၁၁ ကနေ ဖုန်းကတဆင့် မိခင်ကို အကူအညီပေးဖို့ အခြေအနေ မေးမြန်းတဲ့အခါ မနည်း စိတ်ငြိမ်အောင် ကြိုးစားပြီး ဖုန်းဖြေကြားခဲ့ရတယ် လို့ ဘရန်ဒါက ဆိုပါတယ်။

ဇနီးသည် ကလေးမွေးဖွားဖို့ အကူအညီပေးရင်းနဲ့ ရောဘတ်တစ်ယောက် ကြောက်စရာ အတားအဆီးတွေနဲ့ ကြုံဆုံခဲ့ရတာ ဖြစ်ပါတယ်။ ကလေးရဲ့ ချက်ကြိုးက လည်ပင်းမှာ နှစ်ထပ် ရစ်ပတ်နေတာ ဖြစ်တဲ့အတွက် ချက်ကြိုးကိုဖြည်ပေးပြီးမှ ကလေးအသက်ရှူလို့ရအောင် လုပ်ပေးခဲ့ရပါတယ်။

ဒီလိုမျိုးနဲ့ သမီးလေး ဂရေ့စ်လင်း မွေးဖွားခဲ့တဲ့ အကြောင်းကို ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တဲ့အခါ ဒီသတင်းက တမဟုတ်ချင်းပဲ ပျံ့နှံ့သွားခဲ့ပါတယ်။ ဆေးဘက်အကူတွေက ကလေးမွေးပြီး ၁၅ မိနစ်လောက်မှ ရောက်လာတာဖြစ်လို့ စားသောက်ဆိုင်ဝန်ထမ်းတွေက ပန်းကန်သုတ်ပုဝါအဖြူတွေကို ယူလာပေးပြီး ကလေးနွေးအောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

“ ဒီလိုမျိုး ကမောက်ကမ အခြေအနေတွေ ရှိပေမဲ့ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ သန့်စင်ခန်းထဲမှာပဲ ကလေးချက်ကြိုး ဖြတ်ပေးပြီး ကလေးရော အမေကိုပါ အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဘာအစီအစဉ်မှ မချထားပဲနဲ့ သူ့အလိုလိုဖြစ်သွားတာ အံ့ဩစရာပါ” ဆိုပြီး ရောဘတ်က ရေးပြီးတင်ခဲ့တာ ဖြစ်ပါတယ်။

Chick-fil-A ဆိုင်ခွဲကတော့သမီးလေး ဂရေ့စ်လင်းအတွက် ဘဝတစ်စိတ်တစ်ပိုင်း အမြဲတမ်း ဖြစ်နေတော့မှာပါ။ အကြောင်းရင်းကတော့ မွေးစာရင်းမှာကိုက Chick-fil-A စားသောက်ဆိုင်မှာ မွေးဖွားသည် ဆိုပြီး ဖြစ်လာအောင် ဆေးရုံက အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ Chick-fil-A ဆိုင်ခွဲကလည်း ဂရေ့စ်လင်းအတွက် နောက်ထပ် အသိအမှတ်ပြုလက်မှတ် အနေနဲ့ ၁၆ နှစ်ပြည့်ရင် အလုပ်တစ်ခုပေးမယ်လို့ ကတိပေးခဲ့သလို ဆိုင်က စားစရာတွေကို တစ်သက်တာ အခမဲ့စားသုံးခွင့် ပါပေးထားခဲ့တာ ဖြစ်ပါတယ်။

Chick-Fil-A ပင်ရင်းကုမ္ပဏီကတော့ သူတို့ရဲ့ ပြည်တွင်းဆိုင်ခွဲတစ်ခုမှာ ကလေးမီးဖွားခဲ့တယ် ဆိုတာကို အတည်ပြုပေးခဲ့ပေမဲ့ အလုပ်အကိုင်ပေးခြင်းနဲ့ တစ်သက်တာ အခမဲ့ စားသုံးခွင့်ကတော့ သူတို့နဲ့ တိုက်ရိုက်မသက်ဆိုင်ပဲ ဆိုင်ခွဲနဲ့ပဲ သက်ဆိုင်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

Ref: cbsnews.com “a baby born in texas restaurant Chick-fil-A’s bathroom”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top