နှစ် ၂၀ လုံးလုံး ဘာအလုပ်မှ မလုပ်ရဘဲ လစာပေးထားလို့ ကုမ္ပဏီကို တရားစွဲခဲ့သူ

19.6.2024-yyl-1.png

ပြင်သစ်အမျိုးသမီးတစ်ဦးဟာ နှစ် ၂၀ လုံးလုံး ဘာအလုပ်မှ မလုပ်ရဘဲ လစာရနေတဲ့အတွက် ပြင်သစ်ဆက်သွယ်ရေးကုမ္ပဏီ Orange ကို တရားစွဲခဲ့ပါတယ်။ စိတ်ဓာတ်ပျက်ပြားအောင် လုပ်မှု၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုပုဒ်မတွေနဲ့ တရားစွဲခဲ့တာပါ။

လောရင့်ဗန်ဝက်ဆန်ဟော့ဟာ ၁၉၉၃ ခုနှစ်ကတည်းက ပြင်သစ်အစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီမှာ အစိုးရဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ Orange ကုမ္ပဏီက လွှဲပြောင်းယူခဲ့လို့ ကုမ္ပဏီဝန်ထမ်းဖြစ်လာခဲ့သူပါ။ သူဟာ မျက်နှာနဲ့ ခြေလက်တွေ တစ်စိတ်တစ်ပိုင်း အကြောသေတဲ့ရောဂါရှိပါတယ်။ ဒါကြောင့် ကုမ္ပဏီက သူ့ကို သူနဲ့လိုက်မယ့် နေရာတစ်ခုပေးခဲ့ပြီး အတွင်းရေးမှူးနဲ့ HR ဌာနက အလုပ်လုပ်စေခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ ဝက်ဆန်ဟော့က တခြားဒေသ ရုံးခွဲကို ပြောင်းရွှေ့ဖို့ လျှောက်ထားခဲ့ပြီး ပြောင်းရွှေ့ခွင့်ရခဲ့ပေမဲ့ အဲဒီရာထူးက သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီဘက်က သူနဲ့ကိုက်ညီမယ့် ရာထူးတစ်ခုကို ပြောင်းရွှေ့ပေးခဲ့ခြင်းမရှိဘဲ နှစ် ၂၀ လုံးလုံး လစာပေးထားပြီး ဘာအလုပ်မှ မလုပ်ခိုင်းခဲ့ပါဘူး။ အဲဒီအတွက် ဝက်ဆန်ဟော့က ခွဲခြားဆက်ဆံမှု ဆန့်ကျင်တိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Orange ကုမ္ပဏီက ဒီပြဿနာကို ဖြေရှင်းဖို့ စေ့စပ်ညှိနှိုင်းသူတစ်ဦး ငှားရမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ အခြေအနေက ပိုဆိုးလာခဲ့ပါတယ်။

Orange ကုမ္ပဏီရဲ့ လုပ်ရပ်က သူ့အမှုသည် ဝက်ဆန်ဟော့ကို အလုပ်ကထွက်အောင် ဖိအားပေးသလို ဖြစ်တယ်လို့ ရှေ့နေက ဆိုပါတယ်။ ” မသန်စွမ်းသူတစ်ဦးအတွက် အလုပ်ဆိုတာ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်၊ အသိအမှတ်ပြုမှု၊ လူမှုရေးတည်ဆောက်ဖို့ အခွင့်အရေးဖန်တီးပေးတာပါပဲ” လို့ ရှေ့နေက ပြောပါတယ်။

Orange ကုမ္ပဏီကတော့ သူတို့ဘက်က ဝက်ဆန်ဟော့အတွက် အကောင်းဆုံးဖြစ်စေမယ့်ရာထူးမှာ နေရာပေးပြီး နှစ် ၂၀ လုံးလုံး လစာအပြည့်ပေးခဲ့တဲ့အပြင် ထောက်ပံ့ကြေးပါ ထပ်ပေါင်းပေးခဲ့ကြောင်း၊ သူနဲ့ ကိုက်ညီမယ့် အလုပ်နေရာမျိုး ဖန်တီးပေးဖို့ စီစဉ်ထားပေမဲ့ သူ့ဘက်က ကျန်းမာရေးကြောင့် ခွင့်ယူတာတွေ များနေလို့ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း ဖြေရှင်းထားပါတယ်။

Ref:Woman Sues Company for Paying Her to Do Nothing for 20 Years

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top