ဗင်နီဇွဲလားဆန္ဒပြပွဲမှာ ရော်ဘာကျည်နဲ့အချက်ရေ (၅၀) ပစ်ခံရလို့ ဆယ်ကျော်သက်တစ်ဦး မျက်လုံးကန်း

65738860_2464426093588296_4403958052550606848_n.jpg

ထမင်း၊ ဟင်းချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဂတ်စ် ရှားပါးပြတ်လပ်လို့ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို လူစုခွဲဖို့အတွက် ဗင်နီဇွဲလားရဲတပ်ဖွဲ့က ရော်ဘာကျည်နဲ့ ပစ်ခတ်ခဲ့ရာမှာ ဆယ်ကျော်သက်လူငယ်တစ်ဦး မျက်စိကန်းခဲ့ပါတယ်။ အသက် (၁၆) နှစ်အရွယ် လူငယ် ချာကွန်ဟာ ဗင်နီဇွဲလား-ကိုလံဘီယာနယ်စပ်မှာရှိတဲ့ တာချီရာပြည်နယ်မှာ နေထိုင်သူပါ။ တာချီရာပြည်နယ်မှာ နေထိုင်သူတွေအတွက် ထမင်း၊ ဟင်းချက်ရာမှာ အသုံးပြုတဲ့ ဂတ်စ်ပြတ်လပ်နေတာ (၃) လကြာမြင့်နေပြီလို့ ဆိုပါတယ်။

ဆန္ဒပြပွဲမှာ မိခင်ဖြစ်သူ ပရာဒါက ဂတ်စ်အိုးသယ်နေတာကို ချာကွန်က ဝိုင်းဝန်းကူညီနေတုန်း ရော်ဘာကျည်နဲ့ပစ်ခတ်ခံရတာပါ။ သူ့မျက်စိနှစ်ဖက်လုံးကို ရော်ဘာကျည်တွေ ထိမှန်ခဲ့ပြီး သူ့မျက်နှာတစ်ခုလုံးမှာ ရော်ဘာကျည်ထိမှန်တဲ့ ဒဏ်ရာ (၅၂) ခုရှိလို့ ဆန်ခရစ္စတိုဘယ်မြို့ ဗဟိုဆေးရုံရဲ့ ဆရာဝန်က ပြောပါတယ်။ လူမှုကွန်ရက်ပေါ်က ဓာတ်ပုံတွေအရ မိခင်ဖြစ်သူ ပရာဒါက မျက်နှာမှာ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ချာကွန်ကို ပွေ့ချီပြီး ထွက်ပြေးနေတာ တွေ့ရပါတယ်။ ”သူတို့က ကျွန်မသားရဲ့ဘဝကို ဖျက်ဆီးလိုက်တာပါ။ သူက ကွန်ပျူတာနဲ့ပတ်သက်တာတွေ စိတ်ဝင်စားသူပါ။ အလယ်တန်းကျောင်းပြီးဖို့ တစ်ပတ်ပဲ လိုတော့တယ်။ အခုတော့ သူက သေချင်တယ်လို့ချည်းပဲ ပြောနေတယ်။ သူ့အတွက် တရားမျှတမှုလိုချင်ပါတယ်”လို့ ပရာဒါက ပြောပါတယ်။ ချာကွန်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ရဲအရာရှိ (၂) ယောက်ကို ဖမ်းဆီးထားတယ်လို့ တာချီရာရဲတပ်ဖွဲ့ ဒါရိုက်တာက ပြောပါတယ်။ သူတို့ (၂) ယောက်ကို စုံစမ်းစစ်ဆေးပြီး အပြစ်ရှိရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဗင်နီဇွဲလားနိုင်ငံ အစိုးရရှေ့နေချုပ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top