သိပ္ပံပညာရှင်တွေ မျက်စိမှောက်ခဲ့ကြလို့ ၁၇၇ နှစ်ကြာမှ ဖော်ထုတ်နိုင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးကြာ

6-7-2022-07.jpg

အကြီးတန်းရုက္ခဗေဒစိုက်ပျိုးရေးပညာရှင် ကာလို့စ် မက်ဂျ်ဒါလီနာနဲ့ ရုက္ခဗေဒပညာရှင် လူစီ စမစ်နဲ့ တို့ ဧရာမကြာမျိုးစိတ်ကို တိုင်းတာနေကြပုံ

လှပတဲ့ကြာပန်းအစုအဝေးတွေကို မြင်တွေ့ရတဲ့ လန်ဒန်မြို့က Kew Royal Botanic Gardens ရုက္ခဗေဒဥယျာဉ်မှာ ဧရာမကြာမျိုးစိတ်အသစ်ကို ဥယျာဉ်ရဲ့သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အခု အဲဒီဧရာမကြာမျိုးစိတ်အသစ်ကို ဗစ်တိုးရီးယား ဘိုလီးဗီးယားနား (Victoria boliviana) လို့ အမည်ပေးထားပါတယ်။ ဒီကြာမျိုးစိတ်က ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အကြီးဆုံးကြာက ရုက္ခဗေဒဥယျာဉ်မှာ (၁၇၇) နှစ်ကြာ ထိန်းသိမ်းထားခဲ့တဲ့ အခြားကြာပန်းအစုအဝေးတွေကြားမှာ တိမ်မြုပ်နေခဲ့တာပါ။ ရာစုနှစ်တစ်ခုကျော်အတွင်း ဧရာမကြာမျိုးစိတ်အသစ်ကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ရုက္ခဗေဒဥယျာဉ်က ဆိုပါတယ်။

အကြီးတန်းရုက္ခဗေဒစိုက်ပျိုးရေးပညာရှင် ကာလို့စ် မက်ဂျ်ဒါလီနာနဲ့ ရုက္ခဗေဒပညာရှင် လူစီ စမစ်နဲ့ တို့ ဧရာမကြာမျိုးစိတ်ကို တိုင်းတာနေကြပုံ

ဒီဧရာမကြာကို ဗစ်တိုးရီးယား အမေဇုန်နီကာ (Victoria amazonica) ဆိုတဲ့ မျိုးစိတ်အဖြစ် မှားယွင်းထင်မှတ်နေခဲ့တာပါ။ ရုက္ခဗေဒဥယျာဉ်က အကြီးတန်းရုက္ခဗေဒစိုက်ပျိုးရေးပညာရှင် ကာလို့စ် မက်ဂျ်ဒါလီနာက အမေဇုန်နီကာကြာမျိုးစိတ်အပြင် ဗစ်တိုးရီးယားရဲ့အခြားမျိုးစိတ်တွေရှိမယ်လို့ သံသယရှိခဲ့တာပါ။ ဒါကြောင့် အခြားမျိုးစိတ်တွေကြားမှာ ရှာဖွေကြည့်ရာမှ ဗစ်တိုးရီးယား ဘိုလီးဗီးယားနားဆိုတဲ့ ဧရာမကြာမျိုးစိတ်ကို တွေ့ရှိခဲ့တာပါ။

အဲဒီကြာက ဘိုလီးဗီးယားစိမ့်မြေရပ်မှာ ပေါက်ဖွားခဲ့တာပါ။ ကာလို့စ်က ဘိုလီးဗီးယားကနေ လှူဒါန်းတဲ့ မျိုးစေ့ကို ရုက္ခဗေဒဥယျာဉ်မှာ စိုက်ခဲ့တာပါ။ အဲဒီမျိုးစေ့က အရင်သိထားတဲ့ မျိုးစိတ်တွေနဲ့ ကွဲပြားတယ်ဆိုတာ ကာလို့စ် သိခဲ့ပေမဲ့ အခုလို ဧရာမကြာမျိုးစိတ်ဖြစ်မယ်လို့ မထင်မှတ်ထားခဲ့ပါဘူး။

ဗစ်တိုးရီးယား ဘိုလီးဗီးယားနားရဲ့အရွက်က အကျယ် ၁၀ ပေ (၃မီတာ) အထိ ကြီးထွားနိုင်ပြီး အရွယ်ရောက်ပြီးသူရဲ့အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ အပွင့်ကတော့ စစချင်း အဖြူရောင်ဖြစ်ပြီး နောက်မှ ပန်းရောင်ပြောင်းသွားပါတယ်။အခု ဗစ်တိုးရီးယား ဘိုလီးဗီးယားနားကို ရုက္ခဗေဒဥယျာဉ်ရဲ့ Waterlily House မှာ စိုက်ပျိုးထားပါတယ်။

Ref: CNet & NBCNews “World’s Largest Water Lily Hid in Plain Sight for 177 Years”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top