မသန်စွမ်းအားကစားမယ် ​ကာရန်ဒါ့ခ် (Karen Darke) စက်ဘီးစီးပြီး ကမ္ဘာပတ်

http-_i2.cdn_.cnn_.com_cnnnext_dam_assets_170801160151-karen-darke-quest-79-para-cycling-road-world-championship-super-169.jpg

ကာရန်ဒါ့ခ်ဟာ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က မတော်တဆမှုတစ်ခုကြောင့် ခါးအောက်ပိုင်းသေသွားသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ စိတ်ပျက် အားလျော့ခြင်းမရှိပဲ မသန်စွမ်းအားကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးရရှိခဲ့ပါတယ်။ သူမရဲ့ ကျွမ်းကျင်မှုတွေကြောင့် သူမကို တစ်သက်တာထူးချွန်တဲ့ အားကစားသမားတစ်ယောက်အဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။ အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါ့ခ်ဟာ သူမရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အဆုံးစွန်ထိ ဖြန့်ကျက်ခဲ့ပါတယ်။ မသန်စွမ်းသူများအတွက် ခြေထောက်အစား လက်ကိုအသုံးပြုပြီး စီးလို့ရတဲ့စက်ဘီးနဲ့ ဟိမဝန္တာ တောင်တန်းတွေကနေ ဂရင်းလန်းကျွန်း (Greenland) အထိ စီးနင်းခဲ့ပါတယ်။

သူမရဲ့ ဒီစွန့်စားခန်းကို Quest 79 လို့နာမည်ပေးထားပြီး လက်နဲ့ ထိန်းကျောင်းနိုင်တဲ့ စက်ဘီး ကိုးစီးနဲ့ ကမ္ဘာ့တိုက်ကြီး ခုနှစ်တိုက်ကို ပတ်တာဖြစ်ပါတယ်။ မသန်စွမ်းသူများအတွက် ရန်ပုံငွေရရှိဖို့နဲ့ သူတို့ကို တစ်ဦးချင်းဆီရဲ့ လုပ်နိုင်စွမ်းတွေကို တွန်းအားပေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ဒါ့ခ်က သူတို့တွေရဲ့ အိမ်မက်တွေကို ကန့်သတ်နေတဲ့အရာဟာ သူတို့ရဲ့မသန်စွမ်းတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းမဟုတ်ပဲ စိတ်ဓာတ်သာဖြစ်ကြောင်း ယုံကြည်ပါတယ်။ “ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေက စိတ်တွေနဲ့ လုံးဝကိုဆက်စပ်နေတယ်။ အတွေးတွေကို ထိန်းချုပ်နိုင်ရင် ခံစားချက်ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ ကျွန်မက ကျွန်မရဲ့အတွေးတွေကို သေချာအာရုံစိုက်ပြီး သူတို့ကို အကောင်းမြင်တဲ့ဘက်ဆီ ပို့ပေးတယ်။” လို့ ပြောပါတယ်။

မနှစ်က Quest 79 ရဲ့ ပထမခရီးစဉ်နှစ်ခုကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ အခု သူမဟာ နောက်ထပ်ခရီးစဉ် တစ်ခုအတွက် အစီအစဉ်ချနေပါပြီ။ ဒါက ကနေဒါကနေ မက္ကဆီကိုအထိ ကီလိုမီတာ ၃ထောင်ရှည်ကြာတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် နောက်နှစ်မှာ ဩစတေးလျ ခရီးစဉ်အတွက်လည်း အစီအစဉ်စဆွဲဖို့ ပြင်ဆင်နေပါတယ်။ သူမရဲ့အစီအစဉ်ဟာ အန္တာတိကတိုက်မှာ စီးနင်းဖို့ သို့မဟုတ် ၂၀၂ဝခုနှစ် တိုကျိုမသန်စွမ်းသူများအားကစားပွဲမှာ ယှဉ်ပြိုင်ဖို့နဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။

ဒီလို စီးနင်းယှဉ်ပြိုင်နိုင်ဖို့ဆိုတာ သူမအတွက် လွယ်ကူတဲ့ခရီးလမ်းတစ်ခု မဟုတ်ခဲ့ပါဘူး။ ၇၉ မီတာလောက် သွားပြီးတဲ့အခါ ပင်ပန်းနာကျင်လွန်းလို့ အိပ်ရာကတောင် မထနိုင်တဲ့ အခြေအနေမျိုးတွေ ရှိခဲ့လို့ဆိုပါတယ်။ သူမအသက် ၂၁နှစ်အရွယ် စကော့တလန်မှာ ကျောက်ဆောင်တက်ရင်း ၁၀ မီတာအမြင့်ရှိတဲ့ ပင်လယ်ကျောက်စွယ်တစ်ခုက ပြုတ်ကျပြီး လက်မောင်းရိုးတွေ လည်ပင်းရိုးနဲ့ ကျောရိုးတွေ ကျိုးကြေခဲ့ပါတယ်။ သုံးရက်လောက် သတိလစ် မေ့မြောနေပြီး ပြန်နိုးလာတဲ့အခါမှာတော့ အောက်ပိုင်းသေသွားခဲ့ပါပြီ။ စိတ်ဓာတ်ကို အကြိမ်ကြိမ်ကြိုးစားမြှင့်တင်ပြီးနောက် ၁၉၉၇မှာ သူမရဲ့ ပထမဆုံးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ သူမ ခရီးအတော်ပေါက်ခဲ့တယ် ပြောရမှာပါ။

၂၀၁ဝခုနှစ်မှာ ဗြိတိန် မသန်စွမ်း စက်ဘီးစီးအဖွဲ့မှာ ပါဝင်ခဲ့ပြီး နောက်နှစ်နှစ်အကြာ လန်ဒန်တွင် ကျင်းပတဲ့ မသန်စွမ်း အားကစား အိုလံပစ်မှာ ငွေတံဆိပ် ရရှိခဲ့ပါတယ်။ ၇၉ ကြိမ်မြောက် Rio မသန်စွမ်း အားကစား အိုလံပစ်မှာလည်း ရွှေတံဆိပ်ရခဲ့ပါတယ်။ အခု Quest 79 ဟာ သူမအတွက် အဓိပ္ပါယ်သုံးမျိုး ရှိပါတယ်။ သူမ အမြဲတမ်းလုပ်ချင်ခဲ့တဲ့ ကမ္ဘာပတ်နိုင်ဖို့ရယ်၊ ဒေသ အသီးသီးက လူအမျိုးမျိုးကို တွေ့ဆုံနိုင်ဖို့ရယ်နဲ့ သူမနဲ့ဘဝတူတွေကိုပါ တွန်းအားပေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။

Ref: CNN Travel: Paralympic hero Karen Darke is cycling across 7 continents

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top