အနု-အာနန္ဒာ

bagan-myanmar-ancient-temple-ruins-landscape-in-35DKUEM.jpg

ပုဂံဘုရားများတွင် အနုသုခုမလက်ရာများဖြင့် အနုစိတ် ပုံဖော်ထားသော ဘုရားကိုပြပါဆိုလျှင် အာနန္ဒာစေတီတော်မြတ်ကို ပြရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ‘ထု-ဓမ္မရံ၊ ညာဏ်-သဗ္ဗေညု၊ အနု- အာနန္ဒာ’ ဟု ကျော်ကြားခြင်းဖြစ်ပေမည်။ ကျွန်တော်တို့လည်း အာနန္ဒာဘုရားသို့ မနက်စောစောကပင် ရောက်ရှိနေကြပြီဖြစ်သည်။ ဘုရားအတွင်းရှိ ဘုရားများ နံရံဆေးရေးပန်းချီများကို လေ့လာကြမည်ဖြစ်သည်။

အာနန္ဒာဘုရားသည် လိုဏ်ဂူဘုရား အမျိုးအစားတစ်ခုဖြစ်ကြောင်း ဦးစွာသိလိုက်ရသည်၊ ကျန်စစ်သားမင်း( အေဒီ- ၁၀၈၄-၁၁၁၃) ၏ ကောင်းမှုတော်ဖြစ်ပြီး (အေဒီ ၁၀၉၀) တွင် စတင် တည်ထားကိုးကွယ်ခဲ့သည်ဟု မှတ်သားထားရပေသည်။ နန္ဒမူလပုဒ် ဆိုသည့်စကားရပ်မှ ကာလရွေ့လျောသည့်အခါ အနန္တပညာပုဒ်မှ အာနန္ဒာ ဟုသောအမည်ကို ယနေ့ခေတ်အထိ ပြောင်းလဲလာခြင်းဟုလည်း ဆိုပြန်ပါသည်။ ဘုရားအတွင်း လေဝင်လေထွင်စနစ်နှင့် အလင်းရောင်စနစ်များသည် ပုဂံခေတ်၏ ဗိသုကာပညာကို ဖော်ပြနေသည်။ တည်ဆောက်ထားသော ထုနှင့်သရိုး ဖျော်စပ်ပုံတို့သည်လည်း လေ့လာစရာအချက်များ ဖြစ်လေသည်။

လိုဏ်ဂူအောက်ခြေတွင် မာရ်နတ် စစ်သည်တို့ကို အောင်နိုင်ခန်း အပါအဝင် မြတ်စွာဘုရား၏ ဇာတ်ကြီးဆယ်ဖွဲ့ သရုပ်ဖော်များကိုတွေ့ရသည်။ အာနန္ဒာဘုရားတွင် မွန်စာများကိုလည်း တွေ့ရတတ်သည်။ မုခ်ဝများတွင် ရှေးခေတ် သစ်သားတံခါးကြီးများရှိပြီး အနုသုခုမလက်ရာတို့ကို လေ့လာနိုင်ပေသည်။ ထို့မှဆက်ဝင်ပါက ဂန္ဓကုဋ္ဋိတိုက်၏ အလယ် မဏ္ဍိုင်လေးဘက်တွင် မုခ်ဝဘက်သို့ မျက်နာမူသော မတ်ရပ်ကိုတော်ကြီးများ လေးဆူရှိလေသည်။ ထိုဘုရားတို့သည် ဘဒ္ဒကမ္ဘာတွင် ပွင့်ခဲ့ပြီးသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟုသည့် ဘုရားလေးဆူကို တည်ထားခြင်းဖြစ်သည်။

မြောက်နှင့်တောင်မှ ကိုယ်တော် နှစ်ဆူမှာ လက်တော်ကိုရင်တွင်ကပ်ထားသည့် ဟန်ဖြစ်ပြီး ပြန်လည်ပြုပြင်ထားသော ရုပ်ပွားတော်များဖြစ်သည်။ သို့သေည်လည်း မူလလက်ရာနှင့် များစွာမကွာခြားဟုဆိုသည်။ အရှေ့နှင့်အနောက်ရှိ ရုပ်ပွားတော်များမှ နောက်ခေတ်ရောက်မှ မူလနေရာတွင် ပျက်စီးသွားသော ရုပ်ပွားတော်အစား ပြန်လည်ထုလုပ် ပူဇော်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။ လက်ရာကွာခြားဖြင်းကို လေ့လာနိုင်ပေသည်။အနောက်ဘက် ရုပ်ပွားတော်ရှေ့တွင် အရှင်အရဟံနှင့် ကျန်စစ်မင်းတို့၏ ရုပ်တုများ တွေရှိရလေသည်။

ကျွန်တော်တို့လည်း ဘုရားအတွင်းလေ့လာရာတွင် ယခုအခါမှ ပြန်လည်တွေ့ရှိသည့် နံရံဆေးရေး ပန်းချီများဖြစ်သည်။ ဘုရားလိုင်ဂူအတွင်း နံရံပြည့် ဆေးရေးပန်းချီများဖြင့် ပူဇော်ခဲ့ခြင်းဖြစ်ပြီး ခေတ်အဆက်ဆက်က ထုံးဖြင့် သုတ်လိမ်း ဖုန်းကွယ်ထားခဲ့ခြင်း ဖြစ်ဟန်တူသည်။ ယခုနှစ်များတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး မြန်မာ့ရှေး/သု အဖွဲ့နှင့် အိန္ဒိယပညာရှင်တို့ ပူပေါင်းဖော်ထုတ်ပြီး အကြီးစား ရှေးမူမပျက် ပြုပြင်ဆောင်ရွက်နေသည်ကို တွေ့ခဲ့ရသည်။ ကျွန်တော်တို့လည်း ယခုပြန်လည်တွေ့ရှိရသော နံရံဆေးရေးပန်းချီများမှ ပုဂံခေတ် ဝတ်စားဆင်ရင်ထုံးဖွဲမှု့မှအစ ထို့အချိန်က အခြေအနေတို့ကို လေ့လာမှတ်သားခဲ့ရပေသည်။

ကြီးမားလှသော ကျန်စစ်သားမင်း၏ ကုသိုလ်ဖြစ်သော အာနန္ဒာဘုရားသည် တစ်ချိန်က ပုဂံတို့အကြောင်းကို ပြောပြနေပေသည်။ လောကတွင် လူသည် မွေးဖွားခြင်းရှိသဖြင့် သေဆုံးခြင်းလည်း ရှိမည်ဖြစ်ရာ လူသေသော်လည်း နာမည်မသေဘဲ မိမိလုပ်ရပ်တို့သည် နောင်လာနောက်သားတို့အတွက် သမိုင်းကောင်းတစ်ခုကို ထားခဲ့နိုင်သူဖြစ်ရန် ကြိုးစားရမည့်အကြောင်းတွေးရင်း ကျန်စစ်မင်း၏ ရုပ်တုကို ကြည့်နေမိသည်။ အချိန်အခက်အခဲကြောင့် ကျွန်တော်တို့လည်း လောကနန္ဒာဘုရားသို့ ဆက်ခဲ့ပြန်ပါတော့သည်။

လေပြေမောင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top