လူတွေရဲ့ အထင်အမြင်တွေ၊ မှတ်ချက်တွေဟာ ရေရှည်မခံဘဲ ခဏတာ သာ တည်တံ့တတ်တဲ့ သဘောသာ ရှိပါတယ်။ အဲဒါကြောင့် ကိုယ်က အမှားအယွင်းတစ်စုံတစ်ရာလုပ်မိလို့ သော်လည်းကောင်း၊ မလိုလားသူတွေက လုပ်ကြံဖန်တီး ပြောဆိုကြလို့သော်လည်းကောင်း အပြောအဆိုခံရ၊ အပြစ်တင်ခံနေရမယ်ဆိုရင် ရေရှည်ထိခိုက်သိမ်ငယ်နေတာမျိုး ဖြစ်နေစရာ မလိုပါဘူး။ အချိန်တန်ရင် အပြစ်တင်တာတွေ ပြီးသွားမှာဆိုတော့ ကိုယ့်အမှားအတွက် ထိုက်သင့်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ရှေ့ဆက်ရင်း အနာဂတ်မှာ ပိုကောင်းအောင် ဘာတွေ လုပ်မလဲဆိုတာသာ ကြံစည် အားထုတ်ရမှာ ဖြစ်ပါတယ်။ အတိတ်က ပြင်မရတဲ့ အမှားတွေကြောင့် နေရာတကာ သိမ်ငယ်ခံစားမနေသင့်ပါဘူး။ ဘဝက တိုတောင်းလှပါတယ်။
အဲဒီအတိုင်းပဲ လူအများရဲ့ ချီးကျုးမှုမှာ သာယာမိန်းမောနေမိရင်လည်း ကိုယ့်ရဲ့ အရေးကြီးတဲ့ တာဝန်ဝတ္တရားတွေ လစ်ဟင်းသွားနိုင်ပါတယ်။ ချီးမွမ်းစကားတွေ၊ အထင်အမြင်ကြီးမှုတွေဆိုတာလည်း ရေရှည်မမြဲတဲ့ အတွက် လက်ရှိအောင်မြင်မှုနဲ့တင် စိတ်ကြီးဝင်မနေဘဲ စဉ်ဆက်မပြတ် ကြိုးစားနေရမှာ ဖြစ်ပါတယ်။
ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံ အဘိဓာန်”