သူမနာမည်က မာလာလာယူဇွတ်ဇိုင်း (Malala Yousafzai)။ တောက်မည့်မီးခဲ တရဲရဲဖြစ်လာမယ့် ဒီကလေးမလေးကို ၁၉၉၇ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မှာ ပါကစ္စတန်နိုင်ငံနယ်စပ် ဆွက် တောင်ကြား(Swat Valley) ဆိုတဲ့ ဒေသလေးမှာ မွေးဖွားခဲ့ပါတယ်။
အခုအချိန်မှာ အသက်၂ဝရှိနေပြီဖြစ်တဲ့ မာလာလာလေးဟာ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးများ ပညာသင်နိုင်ဖို့ အခွင့်အရေးတွေပိုရရှိနိုင်ဖို့အတွက် တိုက်ပွဲဝင်နေသူတစ်ယောက်ပါ။ ဒါ့အပြင် ကမ္ဘာ့အသက်အငယ်ဆုံးနိုဘယ်ဆုပိုင်ရှင်လည်း ဖြစ်ပါတယ်။
သူမမွေးဖွားခဲ့ရာဒေသလေးမှာ အမျိုးသမီးတွေအတွက် အခွင့်အရေးဆိုတာမရှိသလောက်ပါပဲ။ ဒါပေမယ့် တစ်ခြား ပက်ရှ်ထန်လူမျိုးတွေနဲ့မတူတာက မာလာလာ့အဖေဟာ ပညာရေးကို အထူးအားပေးတဲ့ ကျောင်းဆရာတစ်ယောက်ပါ။ ယောက်ျားလေးတွေမှ လူရာသွင်းတဲ့ပတ်ဝန်းကျင်တစ်ခုမှာ မာလာလာ့အဖေဟာ ပတ်ဝန်းကျင်ရဲ့အမြင်အတွေးတွေကို ဂရုမစိုက်ဘဲ သူ့သမီးလေးကို ရဲရဲဝံ့ဝံ့မြေတောင်မြှောက်ပေးခဲ့သူပါ။ မာလာလာကိုယ်တိုင်ကလည်း မိန်းကလေးဆိုရင် အိမ်မှုကိစ္စလုပ်ဖို့နဲ့ ကလေးမွေးပေးဖို့ပဲ သဘောထားတဲ့နေရာတစ်ခုမှာ သူများနဲ့မတူတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ ရဲရင့်မှုတွေနဲ့အတူ ဆင်းရဲတဲ့ကလေးသူငယ်တွေ ပညာသင်ခွင့်၊ မိန်းကလေးတွေ တန်းတူညီမျှ ပညာသင်ခွင့်နဲ့ တခြားအခွင့်အရေးတွေရရှိဖို့ အသက်အရွယ်နဲ့မလိုက်အောင် ကြိုးစားပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
မာလာလာလေးဟာ ဘာသာတရားကိုင်းရှိုင်းသူလေးတစ်ယောက်ဖြစ်တဲ့အပြင် ဘာသာရေးအပေါ်သဘောထားကလည်း လွတ်လပ်ပါတယ်။ ဘာသာရေးဆရာတွေက သင်ပေးတာကို ကိုယ့်ဘာသာကိုယ်တွေးခေါ်တတ်ရပါမယ်တဲ့။ သူမအသက်၁၂နှစ်အရွယ်မှာ တာလီဘန်တွေရဲ့အုပ်ချုပ်မှုအောက်က ဆွက်ဒေသလေးမှာ နေထိုင်ရတဲ့ဘဝအကြောင်းကို BBC ဆီ Blogတစ်ခုရေးပြီး ပို့ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ NewYork Timesမဂ္ဂဇင်းကြီးမှ သတင်းထောက်တွေ ခက်ခက်ခဲခဲလွှတ်ပြီး documentaryရိုက်ကူးခဲ့ပါတယ်။ တီဗီတွေ သတင်းစာတွေမှာ မာလာလာဟာ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများလာပြီးတဲ့နောက်မှာ တာလီဘန်အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ဂရုမစိုက်ပဲ ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။
သူမမှာ ဆုတံဆိပ်တွေအများကြီးရထားပေမယ့် ဒီဆုတံဆိပ်အတွေအစား ပညာရေးနဲ့လွတ်လပ်ခွင့်တွေကိုသာ မက်မောသူတစ်ယောက်ပါ။ တစ်ရက်မှာ တာလီဘန်တွေက သူမကျောင်းအပြန် ကျောင်းကားပေါ်တက်ပြီး ခေါင်းကိုသေနတ်နဲ့တေ့ပြီး ပစ်သတ်ခဲ့ပါတယ်။ ကျည်ဆန်ဟာ ခေါင်းနဲ့လည်ပင်းကို ဖောက်ဝင်သွားပြီး လည်ပင်းရိုးမှာ မြုပ်ဝင်နေပါတယ်။ သေမင်းနဲ့အကြိမ်ကြိမ်စစ်ခင်းခဲ့ရပြီးတဲ့နောက်မှာ သူမဟာ အရှိန်မလျော့တဲ့အပြင် ပိုတိုးလို့သာ တိုက်ပွဲဝင်ခဲ့ပါတယ်။ အခုအချိန်မှာ အခြေအနေအရ နိုင်ငံရပ်ခြားမှာနေနေရပေမယ့် သူမ ရောက်ဖူးတဲ့နေရာဒေသအားလုံးထဲမှာ မွေးရပ်မြေ ဆွက်ဒေသလောက်လှတဲ့နေရာ မရှိပါဘူးတဲ့။ လှပတဲ့တောင်တန်းတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ဆွက်ဒေသလေးသည်သာ သူမအခြေချချင်တဲ့ နေရာလေးတစ်ခုပါပဲ။
ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဖို့ ဖိတ်ကြားခံရတုန်းက သူမပြောခဲ့တာလေးက အင်မတန်လေးစားဖို့ကောင်းတဲ့ သူမစိတ်ရင်းကို ပြသနေပါတယ်။ “တာလီဘန်တွေကို ကျွန်မမေတ္တာမပျက်ပါဘူး။ ရှင်တို့အစွန်းရောက်တွေရဲ့ သားသမီးတွေလည်း စာတတ်ပေတတ်ပညာတတ်တွေ ဖြစ်စေချင်ပါတယ်”တဲ့။ ၂၀၁၃မှာ I am Malala စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ကာ အခု Malala Fund ကိုတည်ထောင်ထားပြီး တစ်ကမ္ဘာလုံးက ကလေးသူငယ်တွေပညာရေးအတွက် လိုအပ်တဲ့နေရာတွေမှာ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
Sophia (ရိုးရာလေး)