လူနာ သေပြီထင်ပြီး အလောင်းအိတ်ထဲထည့်ကာ နိဗ္ဗာန်ယာဉ်ပေါ် တင်ခဲ့မိလို့ အရာရှိ ၄ ယောက် ရာထူးမှ ထုတ်ပယ်ခံရ

3-5-2022-yyl19.jpg

ရှန်ဟိုင်းဘိုးဘွားဂေဟာမှ လူနာတစ်ဦးကို သေပြီထင်ပြီး အလောင်းအိတ်ထဲ ထည့်ကာ နိဗ္ဗာန်ယာဉ်ပေါ် တင်ခဲ့တဲ့ဖြစ်ရပ်ကြောင့် တရုတ်ခရိုင်အာဏာပိုင်တွေက အရာရှိ ၄ ယောက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေအရ ရင်ခွဲရုံလုပ်သားဖြစ်ဖွယ်ရှိသူ ၂ ယောက်က အလောင်းထည့်တဲ့အိတ်ကို နိဗ္ဗာန်ယာဉ်ပေါ် တင်နေတာ တွေ့ရပါတယ်။

အဲဒီနောက် အလောင်းအိတ်ကို ဆွဲဖွင့်လိုက်ချိန်မှာတော့ လူနာ အသက်ရှင်နေသေးတယ်ဆိုတဲ့အသံ ထွက်ပေါ်လာခဲ့တာပါ။ တရုတ်လူမှုကွန်ရက် အသုံးပြုသူတွေက ဒီဖြစ်ရပ်အပေါ် ဒေါသထွက်နေကြပါတယ်။ ရှန်ဟိုင်းမြို့ ပူတောင်ခရိုင်အရာရှိတွေက တနင်္လာနေ့နှောင်းပိုင်းမှာ ဒီဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး လူနာကို ဆေးရုံပို့ခဲ့ကြောင်း၊ ကျန်းမာရေးအခြေအနေ စိတ်ချရပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်အတွက် အရာရှိ ၅ ယောက်နဲ့ ဆရာဝန်တစ်ယောက်ကို စုံစမ်းစစ်ဆေးနေပါတယ်။ ဒေသန္တရ ပြည်သူ့အရေးဗျူရို ဒုတိယညွှန်ကြားရေးမှူးနဲ့ ဘိုးဘွားဂေဟာ ညွှန်ကြားရေးမှူး အပါအဝင် အရာရှိ ၄ ယောက်ကိုတော့ ရာထူးကနေ ထုတ်လိုက်ပါပြီ။ ဆရာဝန်ကိုတော့ ဆေးကုခွင့်လိုင်စင် ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ လူ့အသက်ဆုံးရှုံးစေနိုင်တဲ့ တာဝန်လစ်ဟင်းမှုဖြစ်တယ်လို့ အစိုးရသတင်းစာ အယ်ဒီတာချုပ်ဟောင်း ဟူရှီကျန်းက ဝေဖန်ခဲ့ပြီး လူအများအပြားကလည်း ရှုတ်ချဝေဖန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ရှန်ဟိုင်းမြို့မှာ ကစဉ့်ကလျားတွေ ဖြစ်နေတယ်ဆိုတဲ့ လက္ခဏာပဲလို့ ဝေဘိုလူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က မှတ်ချက်ပေးပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂၅ သန်းနီးပါး နေထိုင်တဲ့ ရှန်ဟိုင်းမြို့မှာ ပြီးခဲ့တဲ့မတ်လကစပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာခဲ့လို့ သီတင်းပတ် ၆ ပတ်ကြာ တားဆီးကန့်သတ်မှုတွေ လုပ်ထားပါတယ်။

လူအများစုကို အိမ်ပြင်ထွက်ခွင့် ပိတ်ပင်ထားပြီး ရောဂါရှိသူနဲ့ ထိတွေ့မိသူတွေကိုလည်း အစိုးရရဲ့ ကွာရန်တင်းစင်တာတွေကို စေလွှတ်နေပါတယ်။ အိမ်ထဲကနေ ထွက်ဖို့ ကြိုးစားနေသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ ဗီဒီယိုတွေလည်း ထွက်ပေါ်နေပါတယ်။

Ref: BBC ” Shanghai: Authorities fire four officials after elderly patient blunder”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top