ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ် သို့ မြန်မာတောင်တက် သမားနှစ်ဦး ခြေချနိုင်ခဲ့ပြီ

27-7-2020-yyl-022.jpg

နီပေါနိုင်ငံမှ နှစ်သန်းပေါင်း ၆၀ သက်တမ်းရှိတဲ့ ဧဝရက်တောင်ဟာ အမြင့်ပေ ၂၉၀၂၉ ပေရှိပြီး နိုင်ငံပေါင်း များစွာက တောင်တက်သမားတွေ၊ adventure သမားတွေအတွက် စိန်ခေါ်ရာနေရာ ဖြစ်နေပါတယ်။

တောင်တက် သမားတိုင်းရဲ့ အိပ်မက်ပန်းတိုင်ဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကို မြန်မာလူမျိုးတောင်တက်သမား ကိုဝင်းကိုကိုနဲ့ ကိုပြည့်ဖြိုးအောင်တို့ဟာ ယနေ့ ၁၉.၅.၂၀၁၆ နီပေါဒေသစံတော်ချိန် ၇ နာရီ ၁၇ မိနစ်( မြန်မာစံတော်ချိန် ၈ နာရီ ၂ မိနစ်) မှာ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

တစ်ညလုံးအပြင်းအထန်ကြိုးစားရင်း Death zone ကို အောင်မြင်စွာကျော်ဖြတ်လာနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Death Zone လို့ခေါ်တဲ့ သေမင်းတမံဇုန်ဟာ အမြင့်ပေ ၂၆၀၀၀ နဲ့အထက်မှာရှိနေပြီး လူသားတစ်ယောက်အနေနဲ့ အသက်ဆက်ရှင်သန်နိုင်မယ့် အရေးတကြီးလိုအပ်တဲ့ အောက်စီဂျင်ကို အနိမ့်ပါးဆုံး ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မူးဝေခြင်း၊ သတိလက်လွတ်ဖြစ်ခြင်း၊ အန်ခြင်းတွေအပြင် လူတစ်ယောက်ရဲ့အသက်ကို ဆုံးရှုံးနိုင်တဲ့အနေအထားအပြည့်ရှိတဲ့ ဇုန်လည်းဖြစ်ပါတယ်။ ဒါကို ဖြတ်သန်းဖို့အတွက် သာမန်ကျန်းမာရေးအခြေအနေ၊ စိတ်ဓါတ်ကြံ့ခိုင်မှု အခြေအနေနဲ့ မရပါဘူး။ တစ်ကိုယ်ရေသုံးဖို့ရိက္ခာနဲ့ပစ္စည်းကျောပိုးအိတ်ကို လွယ်ရတဲ့အပြင် အောက်စီဂျင်ဘူးကိုလည်း သယ်ရင်း ခဲရာခဲဆစ်တက်ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဧဝရက်တောင်ကို တက်ဖို့အတွက် ကြိုးစားခြင်းဟာ ဒီအကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ကြိုးပမ်းရာမှာ ဆိုးရွားလွန်းတဲ့ ရေခဲပြိုဆင်းတဲ့ ဖြစ်စဉ်ကြောင့် ခရီးစဉ်ဖျက်သိမ်းလိုက်ရပါတယ်။ ယခုအကြိမ်မှတော့ အခြေခံစနစ်ကောင်းများနဲ့ လေ့ကျင့်ထားပြီး အတွေ့အကြုံလည်းရင့်ကျက်တဲ့ ဝါရင့်တောင်တက်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းပြီး ထပ်မံကြိုးစားခဲ့တဲ့အတွက် အဖွဲ့ထဲက တောင်တက်သမား(၂) ဦးက တောင်ထိပ်ပေါ်သို့ရောက်ရှိအောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။

Credit – Myanmar Flag on Everest

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top