တရားဝင်ပြေးဆွဲခွင့်ပြန်လည်ရရှိဖို့ မျှော်လင့်နေတဲ့ ဖျက်သိမ်းခံ မော်တော်ယာဉ်လိုင်း …

ဖျက်သိမ်းခံခဲ့ရတဲ့ အောင်မဟာယာဉ်လိုင်းကို တရားဝင်ယာဉ်လိုင်းအဖြစ် ပြန်လည်ပြေးဆွဲခွင့်ရရှိရေးကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။ မ.ထ.သ ယာဉ်လိုင်းအားလုံးနဲ့အတူ ဖျက်သိမ်းခံခဲ့ရပေမဲ့ ယနေ့အထိ အောင်မင်္ဂလာအဝေးပြေးကနေ ဆူးလေအထိနေ့စဉ် ကားအစီးရေ ၅၀ ကျော်နဲ့ ပြေးဆွဲလျက်ရှိပါတယ်။

ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုကျော်စွာကလည်း ယခင်က ယာဉ်မောင်းတစ်ဦးရဲ့တစ်နေ့ဝင်ငွေဟာ တစ်သောင်းခွဲ၊ နှစ်သောင်းဖြစ်ပေမဲ့ အခုရရှိတဲ့ ဝင်ငွေက ရှစ်ထောင်၊ တစ်သောင်းသာ ရှိတော့တယ်လို့ ရှင်းပြပါတယ်။ “တရားဝင်ယာဉ်လိုင်းတုန်းကကျတော့ လုပ်ကိုင်ရတာ ပိုပြီး အဆင်ပြေတယ်” လို့သူက ပြောပါတယ်။ ယာဉ်စီးခအနေနဲ့ ခရီးသည်တစ်ဦးကို တစ်ထောင်ကျပ်သာ ကောက်ခံနေပါတယ်။

ဒီယာဉ်လိုင်းကို ပြည်တွင်း ခရီးသွားများသာမက ပြည်ပခရီးသွားများပါ အသုံးပြုနေတာဖြစ်တယ်လို့သိရပြီး အီတလီက လာရောက်လာပတ်သူတစ်ဦးဖြစ်တဲ့ ဇီဗားနား (Zevana) ကလည်း “ဒါက အများပြည်သူအတွက် ကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုပါပဲ” လို့ပြောပြပါတယ်။ ခရီးသွားလာကြမယ့် လူတွေအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ငွေကြေးသုံးစွဲမှုလျော့ချနိုင်တဲ့ ယာဉ်လိုင်းတစ်ခုလို့ထင်ပါတယ် လို့ သူကမှတ်ချက်ပြုခဲ့ပါတယ်။

ယာဉ်လိုင်းနဲ့ပတ်သက်ပြီး ယာဉ်အကူတစ်ဦးဖြစ်တဲ့ ကိုဇော်နိုင်က “အရင်တုန်းကနဲ့ယှဉ်ရင် ဝင်ငွေ တော်တော်လေးလျော့လာပါတယ်။ မိသားစုလေးဦးလုံး ဒီလုပ်ငန်းပေါ်ပဲ မှီခိုစားသောက်နေရပါတယ်။ ဒီယာဉ်လိုင်းကို မှီခိုစားသောက်နေတဲ့လူတွေရှိတဲ့အတွက် ဒီယာဉ်လိုင်းလေးကို တည်တံ့နေစေချင်ပါတယ်” လို့ပြောပါတယ်။
ဒီယာဉ်လိုင်းကို တရားဝင်ယာဉ်လိုင်းအဖြစ် ပြန်လည်ပြေးဆွဲခွင့်ရရှိဖို့လည်း သူတို့အနေနဲ့မျှော်လင့်ထားတယ်လို့ပြောပြခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top