COVID-19 ကပ်ရောဂါကြောင့် လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ဖလား မပေးနိုင်ဘူးလို့ ငြင်းဆန်ရင် ရက်စက်ရာကျလိမ့်မယ်လို့ စပါးဂိုးသမား ဟူဂိုလိုရစ်က ပြောပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့မတ်လကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆိုင်းငံ့ထားရပါတယ်။ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကို ၂၅ မှတ်ဖြတ်ထားတဲ့ လီဗာပူးအသင်းဟာ နောက်ထပ်ပွဲစဉ် ၂ ပွဲ အနိုင်ရရင် နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးနိုင်တော့မှာပါ။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဘေးကင်းလုံခြုံပြီး မျှမျှတတ ရာသီသိမ်းနိုင်ဖို့ ကလပ်အသင်းတွေက အစွမ်းကုန် ကြိုးစားရမယ်လို့ ဟူဂိုလိုရစ်က ပြောပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်ဇွန်လအတွင်း ပြန်စနိုင်မလားဆိုတာ ဆွေးနွေးနေကြပေမဲ့ လူစုလူဝေးမလုပ်ခိုင်းတဲ့ ဗြိတိန်အစိုးရရဲ့ ကန့်သတ်ချက်ကို လိုက်နာဖို့ ကြားကွင်းတွေမှာ ကွင်းပိတ်ကစားရဖို့ သေချာသလောက်နီးပါး ရှိနေပါတယ်။ ” ပရီးမီးယားလိဂ်ပြိုင်ပွဲက ရာသီပြီးဆုံးအောင် ကစားရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ကွင်းထဲမှာပဲ အဆုံးအဖြတ်ခံယူရမယ်။ ပရီးမီးယားလိဂ်ရာသီမသိမ်းခင် ၉ ရက်အလိုမှာ ဒီလိုအဆုံးသတ်သွားမယ်ဆိုရင်တော့ ထိတ်လန့်စရာပါပဲ။ ဖြတ်ထားတဲ့ အမှတ်ပမာဏအရလည်း လီဗာပူးအတွက် ရက်စက်ရာရောက်လိမ့်မယ်။ သူတို့က ချန်ပီယံဖြစ်ဖို့ သေချာသလောက်ပါပဲ”လို့ ဟူဂိုလိုရစ်က ပြောပါတယ်။
Nz (ရိုးရာလေး)