လူသားများထက်သာလွန်သော တိရစ္ဆာန်များရဲ့ စွမ်းဆောင်ရည် (၁၀) မျိုး

8a-ants-building-bridge-123820888.jpg

အားလုံးခြုံကြည့်ရင်တော့ လူသားမျိုးနွယ်က ဥာဏ်ရည်အမြင့်မားဆုံး၊ အသန်မာဆုံး၊ ပမာဏ အများဆုံးမျိုးစိတ်များ ဖြစ်ကြပါတယ်။

ဒါပေမဲ့  ကမ္ဘာမှာရှိတဲ့ တစ်ချို့သောတိရစ္ဆာန်တွေဟာ လူသားများထက် သာလွန်သောစွမ်းရည်များ ရှိကြပါတယ်။ တိရစ္ဆာန်တစ်ချို့ဟာ  သူတို့ရဲ့ကြမ်းတမ်းလှတဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အံ့ဩဖွယ်ရာစွမ်းဆောင်ရည်များရှိကြပြီး ဒီစွမ်းဆောင်ရည်များကို  ရိုးရာလေး ပရိတ်သတ်ကြီးအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

၁၀။ ခွန်အား

လူသားတွေအနေနဲ့ ကျွန်တော်တို့ဟာ မိမိကိုယ်ကို အသန်မာဆုံးမျိုးနွယ်တွေအဖြစ် ယူဆကြပါတယ်။ ကျွန်တော်တို့ရဲ့ ခွန်အားဟာ  သန်မာတယ်ဆိုပေမဲ့ သေးငယ်တဲ့သတ္တဝါလေးတွေဖြစ်တဲ့ ပုရွက်ဆိတ်နဲ့ ပိုးကောင်မာတို့ကိုတော့ မမှီပါဘူး။ ဥပမာ ပြရရင်  နွားချေးပိုးကောင်မာ တစ်ကောင်ဟာ သူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၁၄၁ ဆ ကိုသယ်ဆောင်နိုင်ပါတယ်။ ဒီပမာဏဟာ  လူသားတစ်ယောက်အနေနဲ့ ပြောရရင် ၇၃၀၀၀ ကီလိုဂရမ် (၁၆၀၀၀၀ ပေါင်)ကို မ နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သေးငယ်တဲ့  တိရစ္ဆာန်လေးတွေဖြစ်တဲ့ ပုရွက်ဆိတ်နဲ့ ပိုးကောင်မာတို့ရဲ့ ခွန်အားသန်မာရခြင်းဟာ သူတို့ရဲ့အလေးချိန်အရွယ်အစားနဲ့မဆိုင်ဘဲ  သူတို့ကြွက်သားများရဲ့ ကန့်လန်ဖြတ်ကြွက်သားဧရိယာနဲ့ သာ သက်ဆိုင်ပါတယ်။

၉။ အမြန်နှုန်း

ကမ္ဘာ့အမြန်ဆုံးလူသားတစ်ဦးဖြစ်သူ အူစိန်ဘော့ (Usain Bolt)ဟာ မီတာ ၁၀၀ တာတိုပြေးပွဲမှာ တစ်နာရီကို ၄၄.၇၂ ကီလိုမီတာ (၂၇.၇၉ မိုင်)  ပြေးပြီး စံချိန်တင်ထားနိုင်တဲ့ လူသားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ချီတာကျားသစ်ကတော့ အူစိန်ဘော့ရဲ့ ပြေးနှုန်းကို ၃ စက္ကန့်အတွင်း  ကျော်တက်သွားနိုင်ပါတယ်။ ဒါတင်မက အမြန်ဆုံးသက်ရှိတစ်မျိုးလို့ မှတ်တမ်းတင်ခြင်းခံထားရတဲ့ အမဲလိုက်သိမ်းငှက် (peregrine falcon)  ဟာတစ်နာရီကို ၃၅၅ ကီလိုမီတာ (၂၂၀ မိုင်) နှုန်းနဲ့ ပျံသန်းနိုင်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပြီး လူသားတွေတီထွင်ထားတဲ့  စက်ပစ္စည်းတွေနဲ့တောင် ရင်ဘောင်တန်းနိုင်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။

၈။ ကုန်ထုတ်စွမ်းအား

 

လူသားတွေဟာ ကုန်ထုတ်စွမ်းအားအမြင့်ဆုံးသတ္တဝါတွေ မဟုတ်ကြဘူးဆိုတာ လူသားတွေအားလုံး လက်ခံနိုင်ကြမှာပါ။ ကုန်ထုတ်စွမ်းအားအကောင်းဆုံးသတ္တဝါတွေထဲမှာ လုပ်သားပျားတွေလည်း အပါအဝင်ဖြစ်ပြီး လုပ်သားပျားတစ်ကောင်ဟာ တစ်နေ့ အလုပ်ချိန်  ၁၂ နာရီအထိရှိကြတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ လုပ်သားပျားများဟာ သူတို့ရဲ့ ပျားအုံအတွင်းမှာ အလုပ်ဆက်တိုက်လုပ်နေကြတဲ့ သတ္တဝါတွေဖြစ်ကြပြီး နေ့ညမရွေး သူတို့ရဲ့အသိုက်ကို အတောင်ပံများဖြင့် အေးအောင်ပြုလုပ်ခြင်း၊ဝတ်ရည်စုခြင်း စတဲ့တာဝန်တွေကိုအလုပ်လုပ်ကြလေ့ရှိပါတယ်။ အလုပ်များနေတဲ့ သတ္တဝါတစ်မျိုးကိုထပ်ပြရမယ်ဆိုရင်တော့ ပုရွက်ဆိတ်တွေကို ညွှန်းဆိုရမှာ  ဖြစ်ပါတယ်။ ပုရွက်ဆိတ်အသိုင်းအဝန်းတစ်ခုထဲက ပုရွက်ဆိတ်တစ်ကောင်ဟာ သူ့ရဲ့သက်ဆိုင်ရာတာဝန်တွေရှိကြပါတယ်။ ထိုတာဝန်တွေကတော့ သူတို့ရဲ့နယ်ပယ်ကိုကာကွယ်ခြင်း၊ အစားအစာစုဆောင်းခြင်းနဲ့ တခြားပုရွက်ဆိတ်နယ်ပယ်များကို ကျူးကျော်တိုက်ခိုက်ခြင်းစတဲ့ တာဝန်များကို လုပ်ဆောင်ကြရပြီး တစ်နေ့တာကို အိပ်စက်အနားချိန် ၄-၅ နာရီအတွင်းသာရှိတယ် လို့သိရပါတယ်။

၇။ လိုက်လျောညီထွေဖြစ်အောင်နေထိုင်တတ်ခြင်း

 

လူသားတွေဟာလည်း လိုက်လျောညီထွေဖြစ်အောင်နေထိုင်နိုင်ကြတယ်ဆိုပေမဲ့ လူသားတွေရဲ့ လိုက်လျောညီထွေနေနိုင်စွမ်းဟာ စက်ပစ္စည်းများနဲ့ အဆောက်အအုံတွေပေါ်မှာ အခြေပြုထားကြတာဖြစ်ပါတယ်။ တိရစ္ဆာန်များမှာ ဒီလိုတည်ဆောက်နိုင်တဲ့စွမ်းရည်မရှိတဲ့အတွက်  လိုက်လျောညီထွေဖြစ်အောင်နေထိုင်နိုင်ကြပါတယ်။ ဥပမာပြရရင် လွန်ခဲ့တဲ့ နှစ်သန်းတစ်ထောင်ခန့်က အာဖရိကတိုက်မှာနေထိုင်တဲ့  တိရစ္ဆာန်တစ်မျိုးဟာ သူတို့ရဲ့အရပ်ပုလွန်းတဲ့အတွက် အစားအစာကိုလှမ်းယူ မစားသောက်နိုင်ကြဘဲ သေဆုံးလေ့ရှိကြပါတယ်။ နှစ်ပေါင်းများစွာအကြာမှာတော့ ဒီသတ္တဝါရဲ့လည်ပင်းဟာ တဖြည်းဖြည်းရှည်လျားလာပြီး ယနေ့ခေတ်မှာ မြင်တွေ့နေကြတဲ့  သစ်ကုလားအုတ်ဆိုတဲ့ သတ္တဝါဖြစ်လာတယ် လို့ပညာရှင်များကဆိုပါတယ်။

၆။ အမြင်အာရုံစွမ်းအား

 

အမြင်အာရုံစွမ်းအားမှာတော့ တိရစ္ဆာန်များက လူသားတွေထက် အပြတ်အသတ်သာနေပါတယ်။ လူသားတွေဟာ  အမြင်အာရုံပိုင်းဆိုင်ရာကိရိယာတွေဖြစ်တဲ့ မျက်မှန်၊ မှန်ဘီလူး၊ တယ်လီစကုတ်တွေနဲ့ စကြဝဠာအထိ လှမ်းမျှော်ကြည့်နိုင်တယ်ဆိုပေမဲ့ ဒီကိရိယာတွေသာမပါရင် တိရစ္ဆာန်တွေကို လုံးဝမယှဉ်ပြိုင်နိုင်ကြပါဘူး။ လူသားတွေဟာ အမဲကောင်ကိုရှာဖွေစားသောက်ရန် မလိုအပ်တဲ့အတွက် ဒီစွမ်းရည်ကင်းမဲ့နေတာဖြစ်ပြီး ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရေးမပြုလုပ်နိုင်တဲ့သတ္တဝါတွေဖြစ်တဲ့ ငှက်များဟာ သူတို့ရဲ့သားကောင်ကို အဝေးမှ ကြိုတင်မြင်နေရန်လိုအပ်တဲ့အတွက် ဒီစွမ်းဆောင်ရည်ရှိနေတာ  ဖြစ်ပါတယ်။ အမြင်စွမ်းရည်ဆိုင်ရာမှာ ထူးထူးခြားခြားကောင်းမွန်လှတဲ့ သတ္တဝါဖြစ်တဲ့ လင်းယုန်ငှက်ဟာ လူသားတစ်ယောက်မြင်နိုင်စွမ်းထက် ၈  ဆမျှသာပြီး ဒီပမာဏဟာ ၅ ကီလိုမီတာ (၃ မိုင်) အကွာက ယုန်တစ်ကောင်ကို မြင်နေနိုင်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။

၅။ အကြားအာရုံ

 

သင်ဟာ လင်းနို့တစ်ကောင်ထက် အမြင်ပိုင်းဆိုင်ရာမှာ အများကြီးသာနေနိုင်တယ်ဆိုပေမဲ့ အကြားအာရုံအပိုင်းမှာတော့ အများကြီးနောက်မှာ  ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ လင်းနို့တစ်ကောင်ရဲ့ အကြားအာရုံဟာ သန်စွမ်းလွန်းတဲ့အတွက် သူ့ရဲ့ချို့တဲ့လှတဲ့အမြင်အာရုံကို  ပြန်ထေမိကာအသက်ရှင်နေထိုင်နိုင်ပါတယ်။ လင်းနို့တစ်ကောင် ဂူတစ်ဂူအတွင်းသွားလာတဲ့အခါမှာ လင်းနို့ဟာ  စူးရှတဲ့အသံတစ်မျိုးကိုထုတ်လွှင့်ပြီး ထိုအသံဂူနံရံမှပြန်လာတဲ့အသံကို နားထောင်ကာ သွားလာနိုင်တဲ့သတ္တဝါဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ  မျိုးစိတ်တော်တော်များများမှာတွေ့ရတဲ့သဘာဝတစ်ခုဖြစ်ပါတယ်။ လင်းနို့ဆိုရင် အမြင်အာရုံချို့ယွင်းနေတဲ့အတွက်  သူ့ရဲ့ဦးနှောက်စွမ်းအားအကုန်လုံးကို အကြားအာရုံပိုင်းဆိုင်ရာမှာ အသုံးပြုလိုက်ခြင်းကြောင့် ဤမျှအကြားအာရုံထက်မြက်နေခြင်းဖြစ်ပါတယ်။

၄။ ဥာဏ်ရည်

 

လူသားတွေရဲ့ ဥာဏ်ရည်ဟာအံ့မခန်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သီချင်းဆိုခြင်း၊ စာရေးသားခြင်း၊ ဘာသာစကားဖန်တီးခြင်း၊ အာကာသယာဉ်များ တည်ဆောက်ခြင်းစတဲ့အရာတွေကို ပြုလုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ထက်ဥာဏ်ရည်နိမ့်တယ်လို့ထင်ရတဲ့ သတ္တဝါများဟာ တစ်ချို့သောကဏ္ဍတွေမှာ ကျွန်တော်တို့ကို  နောက်ကောက်ချထားနိုင်ပါတယ်။ ဥပမာ အိမ်ပြန်တတ်အောင် ကျင့်ထားသောခို လေးများဟာ ကမ္ဘာကြီးရဲ့ မည်သည့်အရပ်ကိုမဆို ၁၇၇၀  ကီလိုမီတာ (မိုင်ပေါင်း ၁၁၀၀) ခန့်ကို GPS (Global Positioning System) မပါဘဲ အတိအကျအရောက်ပြန်နိုင်ကြတဲ့ သတ္တဝါဖြစ်ပါတယ်။ အံ့ဩစရာအကောင်းဆုံးအပိုင်းကတော့ ခိုများ ဒီလောက်ဝေးတဲ့နေရာကိုအတိအကျသွားနိုင်တာဟာ သူ့တို့နှုတ်သီးမှာပါတဲ့သံကဲ့သို့သောအရာကြောင့်ဖြစ်ပြီး ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းဧရိယာကို မှတ်သားကာ သွားနိုင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင်ဆင်များကလည်း  သူ့တို့မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာကို အနံ့ရယုံဖြင့်ခံစားနိုင်ပြီး သူတို့ကို ရန်ပြုမည့်လူသားများကို အနံ့ရရုံနဲ့ ခွဲခြားနိုင်တဲ့  သတ္တဝါတွေဖြစ်ကြပါတယ်။

၃။ တိုက်ပွဲဝင်နိုင်စွမ်း

 

လူသားတွေရဲ့ ရှောင်လင်၊ မွေ့ထိုင်း၊ ကရာတေး၊ ဂျူဒိုစတဲ့ ကိုယ်ခံပညာများစွာဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက  တိုးတက်ခဲ့တာဖြစ်ပါတယ်။ တိရစ္ဆာန်လောကမှာတော့ သူတို့ရဲ့တိုက်ပွဲဝင်နိုင်စွမ်းဟာ ကြုံရာကျပန်းတိုက်ခိုက်နိုင်စွမ်းဖြစ်ပြီး  ရေအောက်လောကမှာဆိုရင် ပြည်ကြီးငါးဟာ သူ့ကိုတိုက်ခိုက်လာတဲ့ သားရဲတွေကို မှင်တစ်မျို့နဲ့ ရုတ်တရက်ပစ်ကာ  ထွက်ပြေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါ့အပြင် တက်ဆက်စ် ဆူးပါပုတ်သင်(Texas horned lizard) တစ်မျိုးဟာ ကြုံရာကျပန်းတိုက်ပွဲဝင်နိုင်စွမ်းရှိတဲ့သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ တက်ဆက်စ် ဆူးပါပုတ်သင်ဟာ သားရဲတစ်ကောင်ကောင်ရဲ့တိုက်ခိုက်မှုကိုခံရတဲ့အခါမှာ သူ့ရဲ့မျက်လုံးထောင့်ကနေ သွေးရည်ကို ၅ ပေအထိပန်းထုတ်ကာ အာရုံလွှဲနိုင်စွမ်းရှိတဲ့သတ္တဝါဖြစ်ပြီး တိုက်ခိုက်လို့မရတော့တဲ့အခါမှာလည်း သူ့ရဲ့ခန္ဓာကိုယ်ကို လေများဖြည့်သွင်းကာ ဆူးချွန်များထောင်ပြီး  သားရဲစားသောက်လို့မရအောင် ကာကွယ်တတ်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။

၂။ ဆက်သွယ်နိုင်စွမ်း

 

လူသားများဟာ ဆဲလ်ဖုန်း၊ အင်တာနက်တစ်မှတဆင့် ကမ္ဘာတစ်ဖက်ခြမ်းမှ တစ်ဖက်ခြမ်းသို့ဆက်သွယ်နိုင်တယ်ဆိုပေမဲ့ တိရစ္ဆာန်များရဲ့  သဘာဝနည်းလမ်းဟောင်းများကိုတော့ ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးပါဘူး။ ပုရွက်ဆိတ်များဟာ pheromone လို့ခေါ်တဲ့ တိရစ္ဆာန် အချင်းချင်း  အချက်ပေးရန်ထုတ်လွှတ်သောဓာတုပစ္စည်းများကို သူတို့ရဲ့နှာမောင်းတံ အင်တာနာတိုင်ကို  အသုံးပြု၍အာရုံခံပြီးအချင်းချင်းဆက်သွယ်နိုင်ကြပါတယ်။

၁။ ပုံပန်းသဏ္ဍာန်

လူအများစုဟာ ကြက်ပေါက်လေးများ၊ ငှက်ပေါက်လေးများ နဲ့ အခြားသော တိရစ္ဆာန်ငယ်လေးများကိုတော့ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် ချစ်တတ်ကြပေမဲ့ အခြားသော သတ္တဝါများကိုတော့ ရွံ့ရှာတတ်ကြပါတယ်။ ဒါပေမဲ့ ပင်လယ်နေပက်ကျိမျိုးဖြစ်တဲ့ “blue dragon” ပက်ကျိဟာ တော်တော်လှပတဲ့ သတ္တဝါတစ်မျိုးဖြစ်ပြီး သူရဲ့ခန္ဓာကိုယ်အရောင်ဟာ အပြာရောင်ဖြစ်တဲ့အတွက် ပင်လယ်ပြင်မှာ ကိုယ်ယောင်ဖျောက်ကာနေထိုင်နိုင်ပြီး သားကောင်များကိုဖမ်းယူစားသုံးလေ့ရှိတဲ့ သတ္တဝါမျိုးဖြစ်တယ် လို့သိရပါတယ်။

Ref: listverse.com ; 10 Amazing Ways Animals Are Superior To Man

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top