Facebook ကို သတင်းအချက်အလက်တွေ ဖတ်ရှုရုံသက်သက်ပဲ ကျွန်တော်တို့က သုံးနေကြတာ မဟုတ်ပါဘူး။
တစ်ခါတစ်လေမှာ status တွေနဲ့ တစ်နေ့တာ စိတ်မွန်းကြပ်မှုတွေ ဖျောက်ဖျက်ပစ်ဖို့ ဖွင့်ထုတ်ပြောဆိုကြတာတွေ ရှိတယ်။ ကိုယ်အလေးအနက် တွေးထား၊ စဉ်းစားထားမိတဲ့ အတွေးအမြင်တွေကို မိတ်ဆွေတွေဆီ status က တဆင့် ပြန်ပြောပြတာ ရှိမယ်။ ကိုယ့် အလှ ဓာတ်ပုံလေးတွေ၊ ပျော်စရာ ဗီဒီယိုလေးတွေကို ပြန်တင်တာတွေ ရှိမယ်။ ရယ်ရတဲ့ ဟာသလေးတွေ၊ မှတ်ဖွယ်မှတ်ရာလေးတွေ သူငယ်ချင်းတွေဆီ ပြန်မျှဝေတာတွေ ရှိတယ်။
Facebook ဟာ တချို့လူတွေအတွက်ဆို တဖြည်းဖြည်းနဲ့ ကိုယ့်အကြောင်းကိုယ် ပြောပြစရာ ဒိုင်ယာရီ တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဒါပေမဲ့ ဒိုင်ယာရီနဲ့ မတူတာက facebook မှာ တင်တာတွေကို တခြားသူတွေလည်း မြင်နေနိုင်တာပဲ။ ဒါကြောင့် ဒိုင်ယာရီလို မချွင်းမချန် အကုန်ရေး၊ အကုန်ပြောနေဖို့တော့ မဖြစ်သင့်ဘူးပေါ့။ Facebook ပေါ် ဘာတွေ မတင်သင့်ဘူးလဲဆိုရင် –
အသေးစိတ်ကျလွန်းတဲ့ ကိုယ်ရေးကိုယ်တာတွေ
ကိုယ့် ဖုန်းနံပါတ်တွေ၊ ဘဏ်အကောင့်နံပါတ်၊ နေရပ်လိပ်စာ စတာတွေကို Facebook ပေါ် တင်မယ်ဆိုရင် မသမာသူတွေက အသုံးချတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဖုန်းကို ဆက်ပြီး ပိုက်ဆံလိမ်တောင်းတာတွေ၊ နေရပ်လိပ်စာကို လာရောက်ရှာဖွေပြီး မတရားတဲ့ နည်းနဲ့ ခွင် ဆင်တာတွေ အမျိုးမျိး ဖြစ်သွားနိုင်ပါတယ်။ မဖြစ်မနေ ပြောပြဖို့ လိုလာပြီ ဆိုရင် messenger က တဆင့် ပြောပြတာ အကောင်းဆုံးပါပဲ။
ကိုယ်၊ ဒါမှ မဟုတ် သူတစ်ပါးကို ထိခိုက်စေနိုင်မယ့် status တွေ၊ ဓာတ်ပုံတွေ
ကိုယ်က အပျော်တမ်း ဖြစ်စေ၊ စိတ်မကြည်မလင်လို့ ဖြစ်စေ status တင်လိုက်ပေမယ့် ဒါတွေဟာ နောင်တစ်ချိန်မှာ ကိုယ့် လည်ပင်းကို ပြန်စွပ်မယ့် ကြိုးကွင်းတွေ ဖြစ်လာနိုင်ပါတယ်။ “အဲဒီ အချိန်တုန်းက ခင်ဗျားက ဒီလိုလူလား “ လို့ နောင်တစ်ချိန်မှာ တခြားသူ တစ်ယောက်ယောက်က အထင်သေးတဲ့ ပုံနဲ့ ပြန်လာမေးမှာကို မလိုချင်ကြဘူး မဟုတ်လား။ ပြီးတော့ တခြားသူကို ထိခိုက်စေမယ့် အကြောင်းအရာတွေကို ရေးတဲ့ ပြောတဲ့ အခါမှာ ကိုယ့်ကို ပြန်ပြီး အမှုအခင်းတွေ ဆင်လာမှာ၊ မလိုတမာသူတွေ မြင်သွားရင် အရှုပ်အရှင်းတွေ ရှိလာနိုင်မှာ အများကြီးပါပဲ။ ဖြစ်နိုင်ရင် မတင်တာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ တင်ရမှ ဆိုရင်လည်း privacy setting မှာ friends, ဒါမှ မဟုတ် လူအများကြီး မမြင်နိုင်တဲ့ setting တစ်ခုခု ထားပြီး တင်ပါ။ သူငယ်ချင်း အချင်းချင်း ဆေးထိုးပြီး တင်တာတွေကလည်း “အကျီစားသန်ရင် ရန်များ“ ဆိုသလိုပဲ လူအများကြီး မြင်တဲ့အထိ ပျံ့နှံ့သွားမယ်ဆိုရင် မိတ်ပျက်တာတွေရော၊ အရှက်တကွဲ အကျိုးနည်း ဖြစ်တာတွေပါ ဖြစ်တတ်ပါတယ်။ တော်သင့်ရုံသာ အကောင်းဆုံးပါ။
သားသမီးအကြောင်း
သားသမီးအကြောင်းတွေ ၊ ကလေးငယ်လေးတွေရဲ့ ဓာတ်ပုံတွေ တင်တဲ့ အခါ သူတို့ အကြောင်း အသေးစိတ်တွေ၊ သူတို့လေးတွေရဲ့ ကျောင်းလိပ်စာ အသေးစိတ်တွေကို လူအများကြီး မြင်နိုင်တဲ့ “public” privacy setting နဲ့ တင်တာတွေ မလုပ်သင့်ပါဘူး။ ကိုယ် မရှိချိန် မသမာသူ တစ်ယောက်ယောက်က ကလေးကျောင်းကို သွားပြီး လိမ်ခေါ်သွားတာမျိုးတွေ အထိ ဖြစ်န်ိုင်ပါတယ်။
သတင်းအတု၊ အမှားတွေ
သတင်းအတု၊ အမှားတွေ တင်တာဟာ လူ့ကျင့်ဝတ်အရ မသင့်တော်သလို ဥပဒေတွေနဲ့လည်း ငြိစွန်းနိုင်ပါတယ်။ တစ်ခါတစ်လေ ကိုယ်က အမှန်အတိုင်းထင်ပြီး ပြန် မျှဝေမိတာတွေကလည်း အမှားမှားအယွင်းယွင်းတွေ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သတင်းတစ်ခုကို ပြန် မျှဝေတော့မယ်ဆိုရင် သတင်းအရင်းအမြစ်က ယုံကြည်ရတဲ့ သတင်းအရင်းအမြစ် ဟုတ်မဟုတ် ပြန်စဉ်းစားပါ၊ သတင်းရဲ့ ဖြစ်နိုင်ချေ ရှိ မရှိကို စဉ်းစားပါ။ ဒီ သတင်းဟာ လူတစ်ယောက်၊ ဒါမှ မဟုတ် အဖွဲ့အစည်းတစ်ခုခုကို ပုတ်ခတ်စော်ကားဖို့ ၊ ဒါမှမဟုတ် အဲဒီအဖွဲ့အစည်းကို ဂုဏ်မြှင့်ဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာ ဟုတ်မဟုတ် သုံးသပ်ပါ။
စဉ်းစားပါ
အပျော်အတွက် သုံးသုံး၊ အလုပ်အတွက်ပဲ သုံးသုံး facebook သုံးရင် ကိုယ်လုပ်တဲ့ လုပ်ရပ်အတွက်၊ ကိုယ် တင်လိုက်တဲ့ post တစ်ခု၊ ဓာတ်ပုံတစ်ပုံအတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ အသေအချာ စဉ်းစားပါ။ Friend request ပို့ လာတာတွေကို လက်မခံခင်၊ တခြားလူတွေကို request မပို့ခင်မှာ အဲဒီလူတွေဟာ ကိုယ်နဲ့ အဆင်ပြေပါ့မလား၊ ကိုယ် တင်တာတွေကို သူတို့ မြင်နေဖို့ ဆိုတာ စိတ်ချရပါ့မလား လို့ စဉ်းစားပါ။
စဉ်းစားရမယ်ဆိုလို့ ကိုယ် လုပ်ချင်တာတွေကို မလုပ်ဘဲ အတင်းချိုးနှိမ်ထားရမယ်လို့လည်း မဟုတ်သေးပါဘူး။ ကိုယ် လုပ်ချင်တာ၊ မျှဝေချင်တာတွေကို အကောင်းဆုံး၊ အဆင်အပြေဆုံးနဲ့ အလုံခြုံဆုံး ဘယ်လို မျှဝေနိုင်မလဲ စဉ်းစားရမှာ ဖြစ်ပါတယ်။
ကျော်သန့် (ရိုးရာလေး)