အကြောက်တရားနဲ့ မသိစိတ်

military-training-outdoor-PH38ZZ7-e1566121069191.jpg

လူတစ်ယောက်မှာ အသိစိတ်နဲ့ မသိစိတ်ဆိုပြီး စိတ်နှစ်မျိုးရှိပါတယ်။ အသိစိတ်ကို လူတိုင်း နားလည်လွယ်သလို သတိထားမိကြပေမယ့် မသိစိတ်ကိုတော့ သေသေချာချာ နားမလည်ကြသလို သတိထားမိဖို့ အမြဲလိုလို မေ့လျော့နေတတ်ကြပါတယ်။

အသိစိတ်ဟာ တစ်ခါတစ်လေမှာ “မဟုတ်ဘူး၊ မလုပ်ဘူး၊ မကြိုက်ဘူး၊ မကြောက်ဘူး” စသဖြင့် ပြင်းပြင်းထန်ထန် ငြင်းဆန်နေပေမဲ့ ထိုအရာကို မသိစိတ်ထဲမှာ အရမ်းကို လိုချင်နေတတ်သလို (သို့) ကြောက်နေတတ်သလို စတဲ့ ဆန့်ကျင်ဘက်ခံစားချက်က မသိစိတ်မှာ နေရာယူနေတတ်ပါတယ်။ ဒါဟာ မလိုချင်တာ မဟုတ်ဘဲ၊ မရခဲ့လို့ အားမလိုအားမရ ဒေါသထွက်တာမျိုးဖြစ်ပြီး လူတိုင်းကြုံဖူးကြပါတယ်။

ဥပမာဆိုရရင် လူသတ်သမား တစ်ယောက်က “လူတောင်သတ်ရဲတယ် ဘာကိုမှ မကြောက်ဘူး” လို့ ပြောပါလိမ့်မယ်။ ဒါဟာ တကယ်တော့ သူ့ရဲ့ မသိစိတ်ထဲမှာ အကြောင်းကိစ္စ တစ်ခုခုကို ပုံမှန်လူတစ်ယောက်ထက် ပိုပြီး ကြောက်နေလို့ပဲဖြစ်ပါတယ်။ သူ့ကို အန္တရာယ်ပေးနိုင်တယ် (သို့) သိက္ခာကျစေနိုင်တယ် (သို့) ခံစားရစေနိုင်တယ် စတဲ့ အကြောင်းအရာအမျိုးမျိုးထဲက တစ်ခုခုကို သူဟာ မတွေ့ကြုံလိုဘဲ အတ္တစိတ်၊ အမုန်းစိတ်များကို ဒေါသအဖြစ် ဖန်တီးပြီး ကိုယ်ထိလက်ရောက် ရုပ်သဏ္ဍာန် (ကာယ) အားဖြင့် ပြုမူလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက် ဖြေရှင်းလိုက်ပြီး သူတို့ ကြောက်နေတဲ့ ကိစ္စတွေကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းဟာ မိုက်ရူးရဲဆန်ရာကျပြီး တစ်သက်လုံးလဲ အကြောက်တရားနဲ့ ကျီးလန့်စာစား နေရမှာပဲဖြစ်ပါတယ်။

မသိစိတ်ဟာ အရမ်းထူးဆန်းပြီး နှလုံးသားရဲ့ ဆန္ဒကို ဦးနှောက်က ဆက်ပြီး အလိုလို အလုပ် လုပ်ပေးလိုက်တာမျိုး ဖြစ်ပါတယ်။ ညအိပ်တဲ့အခါ ကိုယ်အရမ်းဖြစ်ချင်တဲ့ ကိစ္စတွေကို ဦးနှောက်က မသိစိတ်အဖြစ် ဆက်ပြီး အလုပ်လုပ်နေတဲ့အတွက် အိမ်မက်တွေ ဖြစ်လာပါတယ်။ ကိုယ်အပြင်မှာ မပြောဖူးတဲ့ စကားတွေကို အိပ်ယာထဲမှာ အိမ်မက်မက်ရင်း ယောင်ယမ်း ပွင့်အံထွက်လာတတ်ကြတာ ကြုံဖူးကြမှာပဲ ဖြစ်ပါတယ်။

နောက်ထပ် နားလည်လွယ်အောင် ဥပမာပြရရင် မိမိ ချစ်သူက မိမိကိုထားခဲ့တဲ့အခါ မိမိက သူ့ကို ဘာလို့ သစ္စာဖောက်တာလဲလို့ မေးပြီး ဖြေရှင်းချက် တစ်ခုခုကို ကြားချင်နေတတ်ပါသေးတယ်။ ဘာကြောင့်ပဲ သစ္စာဖောက်သည်ဖြစ်စေ သစ္စာမရှိလို့ လမ်းခွဲတော့မှာ သေချာနေပြီဖြစ်ပေမယ့် “ဘာဖြစ်လို့ဒီလိုလုပ်တာလဲ” ဆိုတာကို လိုက်မေးတတ်ကြပြီး မုန်းတယ်လို့ ပြောတတ်ကြပါတယ်။ ဒါဟာ တကယ်တော့ “သစ္စာမဖောက်ခဲ့ရင် ငါတို့ဆက်ပြီး ချစ်လျက်တွဲနေကြရဦးမှာ” ဆိုတဲ့ ယူကြုံးမရမှု၊ နောင်တရမှု ဖြစ်ပြီး မဖြစ်နိုင်တော့တဲ့ အတိတ်တစ်ခုကို ပြန်တွေးပြီး မသိစိတ်က လိုချင်နေတာပါ။ မုန်းတယ်ဆိုတာလဲ တကယ်က သူ့ကို ချစ်လို့ လိုချင်နေတဲ့စိတ်က မရခဲ့တဲ့အခါ နာကျည်းပြီး အောင့်သက်သက် အားမလိုအားမရဖြစ်မှုသာ ဖြစ်ပါတယ်။

အရာရာတိုင်း မဟုတ်ပေမယ့် ကိစ္စတော်တော်များများမှာ အသိစိတ်နဲ့ မသိစိတ်ဟာ ဆန့်ကျင်ဘက်မှာ ရှိနေတတ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးသာဖြစ်ပြီး ကိုယ်စိတ်ချမ်းသာတာကိုသာ လုပ်ကြပါတယ်။ သူလှလို့ ကိုယ်က ချစ်တယ်ဆိုတာ လုံးဝ မဟုတ်ဘဲ သူ့ရဲ့ အလှကြောင့် ကိုယ်စိတ်ကျေနပ်နေတဲ့ ကိုယ့်ရဲ့ မသိစိတ်ကို ချစ်တာပါ။ အချစ်ကြောင့် ဘဝအပျက်ခံပြီးနေတယ်ဆိုတာ လုံးဝမဟုတ်ဘဲ အချစ်ကြောင့် ဘဝအပျက်ခံနေ နေရတာကို ကိုယ့်ရဲ့မသိစိတ်က အာသီသဖြစ် အရသာတွေ့နေတာပဲ ဖြစ်ပါတယ်။

သေရမှာ မကြောက်ဘူးဆိုပြီး သေကြောင်းကြံစည်တဲ့ သူတွေတောင် မသိစိတ်မှာ ကြောက်ကြပါတယ်။ လောကကို အရှုံးပေးပြီး သူတို့ရင်ဆိုင်ရမယ့်ကိစ္စတွေကို သေရမှာထက် ပိုကြောက်ပြီး သေသွားရင်ပြီးပြီထင်တဲ့ အတွေးနဲ့ လုပ်မိလုပ်ရာ လုပ်ကြတာဖြစ်ပါတယ်။ မသိစိတ်မှာ အကြောက်တရား တစ်ခုခုဟာ အမြဲတမ်း ရှိနေတတ်ပါတယ်။

တကယ်တော့ ကျွန်တော်တို့တွေဟာ အကြောက်တရားကိုအခြေခံတဲ့ မသိစိတ်တွေကို ဖုံးကွယ်ရင်း ဟန်ဆောင်မှုတွေကြား ပျော်မွေ့နေကြတာပဲ ဖြစ်ပါတယ်။

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top