မယဉ်မရိုင်းမြို့စစ်ကိုင်း

004.jpg

မန္တလေးကနေ ဧရာဝတီမြစ်သာ ခြားနေတဲ့ စစ်ကိုင်းကို ပေါင်းကူးပေးထားတဲ့ စစ်ကိုင်းတံတားအတိုင်း မိနစ်၂၀လောက် မောင်းရင်ဖြင့် ရောက်ပါပြီ။

ဟိုးငယ်စဉ်က စစ်ကိုင်းချောင်ဆိုတာ သစ်ရိပ်ဝါးရိပ်တွေနဲ့ အေးချမ်းလှတဲ့၊ စိတ်ငြိမ်ပြီး တရားအားထုတ်လို့ ကောင်းတဲ့နေရာအဖြစ် သိကျွမ်းခဲ့ရတယ်။ အခုဆိုရင် တောင်တက်ကားလမ်းများဖြင့် အလွယ်တကူ သွားလာနိုင်တာကြောင့် ဘုရားဖူးများနဲ့ စည်ကားလို့နေပါပြီ။

စစ်ကိုင်းတောင်ဘက်ကို သွားရင်း လမ်းတလျှောက်မှာ ကျောင်းတက်လာကြတဲ့ စာသင်သားသီလရှင်ငယ်များကို ပီတိဖြစ်ဖွယ် မြင်တွေ့ခဲ့ရသေးတယ်။

တောင်ခြေရောက်တော့ ကားသေးပြောင်းစီးပြီး တောင်ပေါ်တက်ခဲ့ကြတယ်။ တောင်တက်ကားလမ်းဟာ ချောချောမွေ့မွေ့ရှိလှပြီး သစ်ပင်ကြီးငယ်များဖြင့် စိမ်းစိမ်းစိုစိုလည်း ရှိလှပါရဲ့။

ပထမဆုံး သွားဖြင့်တာကတော့ ဥမင်သုံးဆယ်ဘုရားများ ပါပဲ။

လှိုဏ်ဂူကြီးထဲမှာရှိတဲ့ ဥမင်သုံးဆယ်ဘုရားများကို ဖူးဖို့ ဆောင်တန်းပါ လှေကားထစ်လေးတွေအတိုင်း တက်လာခဲ့လိုက်ပါ။ လှေကားထစ်တွေရဲ့ ဘေးဘီဝဲယာမှာ အမှတ်တရပစ္စည်း အရောင်းဆိုင်လေးတွေကလည်း စီစီရီရီ။

လှေကားထစ်တွေအတိုင်း တက်လာပြီး လမ်းခွဲရောက်ရင် အရှေ့ဘက် ဆက်မတက်ဘဲ ဘယ်ဘက်အခြမ်းကိုသွားရင် အနည်းငယ် ကျယ်ပြန့်တဲ့ရင်ပြင်ရှိတယ်။

ရင်ပြင်အစမှာ သမိုင်းကျောက်စာတစ်ချပ်ကို တွေ့နိုင်ပါတယ်။ သမိုင်းကြောင်းလေးဘာလေး ဖတ်ပြီးမှ ဂူထဲဝင်ပြီး ဘုရားဖူးရတာ ပိုအဓိပ္ပါယ်ရှိတာပေါ့။ ခပ်ဝိုက်ဝိုက်ကျောက်ဂူမှာ အဝင်အထွက် တံခါးပေါက် သုံးဆယ်လောက်ရှိတယ်။ မုခ်ပေါက်ဝလေးတွေနဲ့ ဓာတ်ပုံရိုက်ရတာကလည်း ပျော်စရာ။ ဂူထဲမှာက အပြင်မှာထက် ပိုပြီးအေးမြမြရှိလှတယ်။

မြတ်စွာဘုရား၏ ဝါတော် ၄၅ဝါကို ရည်မှန်းပြီး ရုပ်ပွားတော် ၄၅ဆူ ထုလုပ်ပူဇော်ထားပါတယ်။

ဘုရားမှာဦးချဝပ်တွား ရှိခိုးပြီးတော့ ရင်ပြင်ကနေ ဧရာဝတီမြစ်ရယ်၊ ဟိုတစ်စ သည်တစ် တမျှော်တခေါ် ပြန့်ကျဲနေတဲ့ စေတီပုထိုးတွေရယ်၊ စိမ်းစိုအုံ့မှိုင်းနေတဲ့ သစ်ပင်အစုအဝေးတွေရယ်ကို စိမ်ပြေနပြေ ငေးမောနေမိတယ်။

သည်ကနေပြီး ကုသိုလ်တော်စေတီကို ခပ်ပြပြ ဖူးမြင်နိုင်သေးတယ်။

/* ဥမင်သုံးဆယ်ဘုရားသမိုင်း */

စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဥမင်သုံးဆယ်ဘုရားကို သက္ကရာဇ် ၆၈၇ခု (ခရစ်နှစ် ၁၃၂၅ခု) တွင် စစ်ကိုင်းတရဖျာမင်း၏ ငယ်ဆရာလည်းဖြစ်၊ အင်းဝသတိုးမင်းဖျား၏ နန်းဦးဆရာတော်လည်း ဖြစ်တဲ့ ပဒူသင်္ဃရာဇာ ဆရာတော်မှ ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်၊ မွေတော်တို့အပြင် ပြဒါးရှင်ဓာတ်လုံးတွေကို ဌာပနာပြီး တည်ထားခြင်းဖြစ်သည်။ ဥမင်သုံးဆယ်ဘုရား တည်ထားရာ ကျောက်တောင်ကို ယခင်က သုဝဏ္ဏဝီရိတောင်ဟု ခေါ်တယ်တဲ့။ အဓိပ္ပါယ်မှာ ရွှေဖြစ်စေသောကျောက်များ၊ ကြေးနီကိုဖြူစေသောဆေးပင်များ ပေါများသောတောင်ဟု ဆိုလိုသည်။ သုဝဏ္ဏဝီရိကျောက်တောင်ကို အလျား ၁၉၀ပေ၊ အနံ ၁၄ပေ၊ အမြင့် ၂၆ပေ ရှိသော ခပ်ဝိုက်ဝိုက်သဏ္ဍာန် လိုဏ်ဂူတော်ကို ရှေးဦးစွာ ထွင်းစေသည်။ မြတ်စွာဘုရား၏ ဝါတော်၄၅ဝါကို ရည်မှန်းပြီး ရုပ်ပွားတော် ၄၅ဆူကို ကျောက်ဂူအတွင်းတွင် စံမြန်းစေတယ်။ ဂေါတမဗုဒ္ဓသည် ဘုရားလောင်းဘဝက ဖြည့်ကျင့်ခဲ့ရသော ပါရမီ၁ဝပါး အပြားသုံးဆယ်ကို ရည်ညွှန်းပြီး လိုဏ်ဂူတော် အဝင်၊ အထွက်ပေါက် သုံးဆယ်ထွင်းထုထားပါတယ်။

ဥမင်သုံးဆယ်ရင်ပြင်ကနေ အပေါ်ဘက်ကို ဆက်တက်သွားရင် အခြားစေတီပုထိုး၊ ဆင်းတုတော်တွေ ဖူးတွေ့နိုင်သေးတယ်။

လမ်းတလျှောက် အပူပိုင်းဒေသသစ်ပင်တွေ၊ ပန်းပင်တွေ၊ လိပ်ပြာလေးတွေ၊ အဝါရောင်သန်းနေတဲ့ တမာရွက်အကြွေတွေနဲ့ သာယာလွန်းပါတယ်လေ။ စစ်ကိုင်းတောင်ရဲ့ သာယာပုံကတစ်မျိုး… အလွမ်းငွေ့တွေ သန်းနေသလား ခံစားရတယ်။

ထိပ်နားထိ တက်လာလိုက်တာ နောက်ထပ်လမ်းလေးတစ်လမ်း ထပ်တွေ့သေးတယ်။

ထုံးဖြူဖြူသုတ်ထားတဲ့ သာသနိကအဆောက်အအုံတစ်ခုကို သစ်ပင်အုပ်တွေကြားထဲကနေ ထပ်တွေ့လိုက်သေးတယ်။  ဖိနပ်မပါလာခဲ့တော့ ခဲလေးတွေ စူးတာနဲ့ ဆက်မသွားဖြစ်ခဲ့လိုက်ဘူး။ သည်လိုနဲ့ ကားပါကင်ဆီကို ပြန်ဆင်းလာပြီး စစ်ကိုင်းတောင်ပေါ်မှာပဲရှိတဲ့ ဆွမ်းဦးပုညရှင်ဘက်ကို ဆက်သွားခဲ့တယ် ဆိုပါတော့။

စစ်ကိုင်းတောင်ရိုးမှာ တောင်ထွဋ်ပေါင်း ၃၅လုံးရှိပါတယ်။ အဲ့ထဲကမှ ငဖားတောင်ထွဋ်မှာ တည်ထားတဲ့ ဆွမ်းဦးပုညရှင်စေတီဆီသို့ သွားရောက် ဖူးမျှော်ကြရအောင်လား။

ဆွမ်းဦးပုညရှင်မှာရှိတဲ့ ရတနာမုနိကိုးထပ်ကြီးရုပ်ပွားတော်ဟာ ဥာဏ်တော်မြင့်မားသလို မျက်နှာတော်ကလည်း ဖူးမြင်ရသူကို အေးချမ်းစေတယ်။

ရုပ်ပွားတော်ရဲ့ အရှေ့ဘက်ခပ်လှမ်းလှမ်း တစ်ဖက်ဆီမှာ ရွှေယုန်နဲ့ ရွှေဖား ရုပ်တုနှစ်ခုရှိပါတယ်။

ရုပ်ပွားတော်ရှိရာ တန်ဆောင်းမှာပဲ ဆွမ်းဦးပုညရှင်ရဲ့ အံ့ဖွယ်၁၄ပါးကို စာနဲ့ကျကျနန ဖွင့်ဆိုထားတယ်။ အံ့ဖွယ်၁၄ပါးကို အသေးစိတ်သိချင်ရင်တော့ ပုံထဲမှာ ရှာဖတ်ကြည့်ပါလေ။

တန်းဆောင်ကထွက်ပြီး ရင်ပြင်တစ်ပတ်ပတ်ရင်းနဲ့ စေတီသုံးဆူတပေါင်းတည်း တည်ထားတဲ့ ဆွမ်းဦးပုညရှင်စေတီကို သပ္ပါယ်စွာ ဖူးတွေ့နိုင်ပါပြီ။

ပြီးတော့ ဆွမ်းဦးပုညရှင်ရောက်တိုင်း တော်တော်များများ ဓာတ်ပုံသွားရိုက်တတ်ကြတဲ့ တရုတ်စကားပန်းပင်ကြီးနဲ့အတူ ပို့စ်လေးဘာလေး ပေးခဲ့ပါအုံး။

ပန်းချီစိတ်ဝင်စားသူတွေအတွက် ပန်းချီကားချပ်တွေ ရောင်းတဲ့ ဆိုင်ခန်းလေးတွေလည်း ရှိပါသေးတယ်။

ဆွမ်းဦးပုညရှင်ရဲ့ ရှုခင်းကို ပြောရမယ်ဆိုရင် ဧရာဝတီမြစ်နဲ့ သဲသောင်တွေကို ဥမင်သုံးဆယ်မှာထက် ပိုပြီး သဲသဲကွဲကွဲ မြင်ရတယ်။ မြစ်တဖက်က လယ်ခင်းတွေကလည်း အကွက်ရိုက်ထားသလို ကြည့်ကောင်းလှတယ်။

ပဥ္စလောဟာရုပ်ပွားတော်

ပုညအမတ်အား သက်တော်ရှည်ဘွဲ့ပေးသည့် အထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်သော သက်တော်ရှည်ရုပ်ပွားတော်

ဆီမီးမသေစေတီ

/* ဆွမ်းဦးပုညရှင်သမိုင်းကြောင်း */

ဆွမ်းဦးပုညရှင်ဘုရားသမိုင်းကို ရှာကြည့်တော့ တစ်ခုနဲ့တစ်ခု အနည်းငယ် ကွဲလွဲတာ တွေ့ရတယ်။ ကိုယ်ကတော့ သာလွန်မင်းတရားက မေးမြန်းလျှောက်ထားတာကို တောင်ဖီလာဆရာတော်မှ ပြန်မိန့်ထားတဲ့ သမိုင်းကြောင်းပဲ ဖော်ပြလိုက်မယ်နော်။ ကောဇာသက္ကရာဇ် ၆၇၄ခုမှာ သိင်္ခဗိုလ်ရဲ့ သားဖြစ်တဲ့ ပင်လယ်စားသီဟသူဟာ ပင်းယမြို့ကို တည်ပြီး မင်းပြုတယ်တဲ့။ တစ်ခါတော့ သီဟိုဠ်မှ ကျေးပုဏ္ဏား၊ ကျေးကုလားတွေကနေပြီး မင်းကြီးကို ရှစ်မြောက်ပုံရှိတဲ့ ရတနာကွမ်းခွက်တစ်ခွက် ဆက်သကြတယ်။ မင်းကြီး ထိုကွမ်းခွက်နဲ့ ကွမ်းလက်ဖက်ပြင်စားတဲ့ နေ့ကစပြီး တကိုယ်လုံးယားယံတဲ့ရောဂါ ပေါ်ပါလေရောလား။ ဒါနဲ့ ကွမ်းခွက်ကို မသင်္ကာလို့ ပန်းထိမ်ငစိန်သင်ကို ခေါ်ယူပြီး စစ်ဆေးစေရာ မွေတော် ၅ဆူ၊ ရွှေမယ်န ၇ချပ်၊ သတ် ဟူသော သချာၤကို ဆောင်တဲ့တစ်စီး ထွက်လာတယ်တဲ့။ တကယ်က မွေတော်က ၇ဆူရှိတာ။ ဖြစ်ချင်တော့ ကွမ်းခွက်ကို ထုခွဲစစ်ဆေးရင်း မွေတော်၂ဆူထဲမှ တစ်ဆူက ပေပေါ်မှာ၊ တစ်ဆူက တူပေါ်မှာ ကိန်းဝပ်ပျောက်ကွယ်နေတယ်။ အာ့ဒါကြောင့် မင်းကြီးကို ဆက်သတဲ့အခါမှာ မွေတော်က ၅ဆူထဲ ဖြစ်နေတာ။ ဒါပေမယ့် မင်းကြီးက ရွှေမယ်နက ၇ချပ်၊ သတ်ဆိုတဲ့ အက္ခရာလည်း ပါတဲ့အတွက် မွေတော် ၇ဆူ ရှိရမယ့်ဟာကို သူ့ကို ၅ဆူပဲ ဆက်သလို့ ဆိုပြီး အမျက်တော်ရှရော။ ဘုမသိဘမသိနဲ့ ငစိန်သင်လည်း ကြောက်ကြောက်နဲ့ တူပေတန်ဆာတွေကို ထုတ်ပိုးပြီး စစ်ကိုင်းကို ပြေးလေသည်။

စစ်ကိုင်းရောက်တော့ မိတ်ဆွေဖြစ်တဲ့ ပုညအမတ်ဆီမှာ ပုန်းအောင်းလို့ နေတယ်တဲ့။ ညရောက်တော့ ပေနဲ့တူမှာ ကပ်နေတဲ့ မွေတော်၂ဆူက ရောင်ခြည်တွေ ကွန့်မြူးတော့တယ်။ သည်တော့မှာ ငစိန်သင်လည်း ပျောက်နေတဲ့ မွေတော်၂ဆူက သူ့ဆီရောက်နေမှန်း သိတော့တာ။ ပုညအမတ်က ငစိန်သင်ဆီကနေ ဓာတ်တော်၂ဆူကို တောင်းယူပြီး ပတ္တမြားကျုတ်နဲ့ ထည့်သွင်းကိန်းဝပ်စေတယ်။ စေတီတည်ဖို့အတွက် ခြေမြန်တော်တစ်ယောက်ကို သည်ပတ္တမြားကျုတ်ကို ဦးခေါင်းမှာရွက်ပြီး စစ်ကိုင်းတောင်ကိုသွား… ဟိုရောက်ရင် မောင်မင်း ထားချင်တဲ့နေရာမှာ ထားခဲ့လို့ မှာလိုက်တယ်။ ခြေမြန်တော်လည်း စစ်ကိုင်းတော်ပေါ် လျှောက်သွားရင်း ငဖားတောင်ထွဋ်အရောက်မှာ သီရိဓမ္မာသောကစေတီနဲ့ ပတူးသင်္ဃရာဇာကောင်းမှုတော်စေတီ စတဲ့ စေတီဟောင်း ၂ဆူကြားမှာ ကျုတ်ကို ထားခဲ့လိုက်တယ်။

ပုညအမတ်သည် စေတီဟောင်းနှစ်ဆူကိုငုံပြီး မွေတော်နှစ်ဆူကို ဌာပနာကာ စေတီအသစ်တည်လိုက်တယ်။ ပုညအမတ် တည်တဲ့ စေတီမို့လို့ ပုညရှင်စေတီလို့ ဘွဲ့တော်ပေးလိုက်ကြတယ်။ စစ်ကိုင်မြို့ကိုစားရတဲ့ အသင်္ခယာစောယွမ်းဟာ ပုညအမတ်စေတီတည်တဲ့ သတင်းကြားတော့ သူ့ကို မလျှောက်တင်ရပါ့မလားဆိုပြီး မျက်တော်မူပြန်တယ်။ စစ်ကိုင်းမြို့တည် အသင်္ခယာစောယွမ်းဆိုတာက မင်းကြီးသီဟသူနဲ့ မြောက်နန်းစံ ရတနာပုံမိဖုရားတို့ရဲ့ သားတော်ဖြစ်တယ်။ အသင်္ခယာစောယွမ်းဟာ မင်းမာန်ဖြင့် ပုညအမတ်နဲ့ ငစိန်သင်ကို ရွှေကြာအင်းမှာ ရေချကွပ်မျက်စေတယ်။ ရေတက်တဲ့အခါ ရေတွေက ပုညအမတ်နဲ့ ငစိန်သင်ကို မလွှမ်းသွားဘဲ ပတ်ဝန်းကျင်တွင်သာ ဝိုင်းဝန်းနေတယ်။ အသင်္ခယာစောယွမ်းလည်း ထိုအဖြစ်ကြောင့် ဒေါသပြေပြီး လွတ်ငြိမ်းခွင့်ပေးလိုက်တော့တယ်။ နောင်အခါ ထိုအရပ်ကို ရေဝှမ်း (သို့) ရေဝှန်း လို့ ခေါ်တွင်ကြသည်။ အသင်္ခယာစောယွမ်းက ခမည်းတော် တစ်စီးရှင်သီဟသူကို အကြောင်းကြားပြီး ကောဇာသက္ကရာဇ် ၆၈၄ခုမှာ ပုညရှင်စေတီကို အုပ်ရိုးအင်္ဂတေနဲ့ ပြီးစီးအောင်တည်ပြီး တစ်ဆူလုံး ရွှေသင်္ဃန်းကပ်ကာ ထီးတော်တင် လှူဒါန်းလေသည်။ ဆွမ်းဦးပုညရှင် ဖြစ်လာတာကတော့ လူတွေက ဆွမ်းဦးလှူဒါန်းဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား မအောင်မြင်ဘဲ တောစောင့်နတ်၊ တောင်စောင့်နတ်တွေက ဆွမ်းဦးကို ဦးအောင် ကပ်လှူသွားကြလို့ ဆွမ်းဦးပုညရှင်လို့ လူသိများ ကျော်ကြားလာတော့တယ်။

စစ်ကိုင်းတောင်ကနေ ဆင်းပြီးနောက် စစ်ကိုင်းမြို့မြောက်ဘက် ၆မိုင်ခန့်အကွာမှာရှိတဲ့ စစ်ကိုင်းကောင်းမှုတော်ကို ဆက်လက်ဖူးမြော်ခဲ့ပါသေးတယ်။

ကောင်းမှုတော်စေတီ သွားရာလမ်းတလျှောက်ရှိ ဈေးတန်း

ကောင်းမှုတော်စေတီရဲ့ ဘွဲ့အမည်က ရာဇမဏိစူဠာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “စွယ်တော်၊ ဆံတော်၊ သပိတ်တော် စသော ရတနာတို့၏ တည်ရာဖြစ်၍ မြတ်သောမင်း ဦးဖြင့် အမြဲပန်ဆင်ခြင်းရှိသောဘုရား” ပါတဲ့။ ကောင်းမှုတော်ကို သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ထူပါရုံစေတီအတိုင်း တည်ထားတာပါ။ အစကတော့ ထူပရုံအတိုင်း ထုံးသင်္ဃန်းနဲ့ပေါ့။ အခုတော့ မူလရည်ရွယ်ချက် ပျောက်ပြီး ရွှေရောင်တဝင်းဝင်း ဖြစ်နေပါပြီ။

ကောင်းမှုတော်ဘုရား တောင်ဘက်မုခ်ရှိ မင်းတုံးမင်း ကိုးကွယ်ပူဇော်ခဲ့သော ပဥ္စလောဟာရုပ်ပွားတော်

ကောင်းမှုတော်မှာ သနပ်ခါးတုံးတွေနဲ့ ကျောက်ပြင်တွေကို ဘုရားဖူးလာသူတွေ သွေးလိမ်းနိုင်အောင် ကုသိုလ်ဖြစ် ချထားပေးထားသေးတယ်။

ပြီးတော့ ရင်ပြင်က ခေါင်းလောင်းမှာ ထွင်းထားတဲ့ မင်းကြီးရဲ့ ကုသိုလ်တော် ကျောက်စာကိုလည်း ဖတ်ခဲ့ကြပါအုံး။

ကုသိုလ်တော်စေတီရင်ပြင်ရှိ ဈေးတန်းလေး

ကုသိုလ်တော်စေတီရင်ပြင်ရှိ စိမ်းစိမ်းစိုစိုတမာပင်

/* ကုသိုလ်တော်စေတီသမိုင်းအကျဉ်းကတော့ */

စေတီတော်ကို သတိုးဓမ္မရာဇာဘွဲ့ခံ သာလွန်မင်းတရားမှ မြန်မာသက္ကရာဇ် ၉၉၈ခု (ခရစ်နှစ် ၁၆၃၆ခု) တွင် ရွှေပန္နက်တိုင် စတင်စိုက်ထူခဲ့ပြီး သက္ကရာဇ် ၁၀၁ဝခု (ခရစ်နှစ် ၁၆၄၈ခု)တွင် စေတီတော်ပြီးစီး၍ ထီးတော်တင်ရန် အခါတော်တောင်းရာ ထီးတော်တင်ရန်အခါမမှီနိုင်တော့ပြီဟု ပြန်လည်လျှောက်ထားကြသည်။ သာလွန်မင်းသည် သက္ကရာဇ် ၁၀၁ဝခု၊ တော်သလင်းလဆန်း ၁ဝရက်နေ့တွင် ကြီးစွာမနာမကျန်းဖြစ်သဖြင့် သားတော်ကြီးအား ထီးနန်းမွေနှင့် စေတီတော်ထီးတော်တင်ရန် မှာကြားခဲ့ပြီး နတ်ရွာစံလေသည်။ ခမည်းတော်အမှာရှိသည့်အတိုင်း သားတော်ငါးထပ်ဒါယကာမင်းမှ နန်းတက်ပြီး သက္ကရာဇ် ၁၀၁ဝခု၊ ကဆုန်လဆန်း ၈ရက်နေ့တွင် ရာဇမဏိစူဠာစေတီထီတော် ထီးတင်လှူပွဲကို ကျင်းပခဲ့သဖြင့် စေတီတော် အုတ်မြစ်ချသည်မှ ထီးတော်တင်သည့်အထိ စုစုပေါင်း ၁၂နှစ်တိုင် ကြာလေသည်။ စေတီတော်၏ ဥာဏ်တော်အမြင့် သံတောင် ၁၀၁တောင် ၈မိုက်၊ အချင်းသံတောင် ၁၆၂တောင် ၁မိုက်၊ အဝန်းလုံးပတ် ၅၀၂တောင် ၂မိုက် ၄သစ်ရှိသည်။ ကောင်းမှုတော်စေတီ၏ ပုံသဏ္ဍာန်ကို သီရိလင်္ကာနိုင်ငံရှိ ညှပ်ရိုးတော်ဓာတ်တော်ကို ဌာပနာထားသော ထူပါရုံစေတီပုံတော်အတိုင်း မှီငြမ်းတည်ထားခြင်းဖြစ်သည်။ ဘုရားသမိုင်း အသေးစိတ်ကိုတော့ ပုံထဲမှာ ပိုပြီး ပြည့်စုံအောင် ထည့်ရေးပေးထားပါတယ်။

/* မှတ်ချက် */

အိမ်ပြန်လက်ဆောင်အဖြစ် ဒေသထွက် မုန့်ပဲသရေစာတွေ ဝယ်ချင်ရင်တော့ စစ်ကိုင်းကောင်းမှုတော်မှာ ဝယ်တာ အကောင်းဆုံးပါပဲ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ သွားလည်မယ်ဆိုရင် မပူမအေးနဲ့ နေလို့ ကောင်းပါတယ်။ ဥမင်သုံးဆယ်ဘက်က နည်းနည်းချောင်ကျတဲ့ဘက်တွေမှာ ကဲနေတဲ့အတွဲတွေကို သတိထားပေးကြပါလို့…

Chan Myae Ei (ရိုးရာလေး)
#travellerchan
#travel_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top