Halloween day (သို့) မကောင်းဆိုးဝါးပွဲတော်

45148036_1408389582626117_8599196096268337152_o.jpg

Hallowe’en, Hallows’ Even , Hallows’ Evening, All Hallows’ Eve, All Saints’ Eve စသဖြင့် နာမည် မျိုးစုံခေါ်ဝေါ်ကြပေမယ့် လူသိများတာကတော့ Halloween day လို့ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာ ၃၁ မှာ ဆင်နွှဲလေ့ရှိတဲ့ ဒီပွဲတော်မှာဆိုရင်တော့ လူငယ် လူရွယ်တွေဟာ မကောင်းဆိုးရွားတွေရဲ့ ပုံပန်းတွေကို တုပပြီးထူးဆန်းတဲ့ အဝတ်အစားတွေ၊ မိတ်ကပ်တွေ ပြင်ဆင်ပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတာဖြစ်ပါတယ်။

Halloween day ရဲ့ မူလအရင်းခံက ဆမ်ဟိန်း (Samhain) ဆိုတဲ့ မကောင်းဆိုးဝါးနဲ့ ဆက်နွယ်နေပါတယ်။ ဒီမကောင်းဆိုးဝါးဟာ နှစ်စဉ် ကောက်ရိတ်သိမ်းပွဲအပြီးမှာ ကမ္ဘာပေါ်ဆင်းလာပြီး လူတွေကို ခြောက်လှန့်တတ်တာကြောင့် လူတွေဟာ မကောင်းဆိုးဝါးပုံစံတွေ ဝတ်စားခြင်းဖြင့်လည်းကောင်း၊ မျက်နှာဖုံးတွေတပ်ဆင်ခြင်းဖြင့်လည်းကောင်း ဆမ်ဟိန်း(Samhain) ကို လှည့်စားခဲ့ကြရတယ်လို့ ဆိုပါတယ်။

အချို့ကတော့ ခရစ်ယာန်တွေရဲ့အားလပ်ရက်တစ်မျိုးသာဖြစ်တယ် ဆိုတာတွေလည်းရှိသလို သေမင်းဟာ လူတွေကြားမှာ လျှောက်သွားနေပြီး ဂျက်(Jack) (ကောင်းကင်ဘုံရော ငရဲကော ဝင်ခွင့်မရတဲ့ ကောင်လေး) ကိုရှာဖွေနေတာ ဖြစ်တယ်လို့ ပြောကြတာတွေလည်း ရှိပါတယ်။ ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ နောက်ပိုင်းမှာတော့ စုန်းကဝေတွေ၊ သရဲတွေ၊ ပင်လယ်ဓားပြတွေ၊ ရုပ်ရှင်ဇာတ်ကောင်တွေ စသဖြင့် အမျိုးမျိုးသော ဝတ်စုံတွေကို ဝတ်ဆင်ပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတာသာ ဖြစ်ပါတယ်။

ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲကြတဲ့ နည်းလမ်းတွေ များစွာရှိနေပါတယ်။ ”Trick or Treat” ဆိုတဲ့ နည်းကတော့ ကလေးငယ်တွေဟာ အိမ်တွေကို လိုက်လံပြီးတော့ ”Trick or Treat” (လှည့်စားတာ ခံမလား (ဒါမှမဟုတ်) မုန့်ကျွေးမလား) လို့ မေမြန်း တာဖြစ်ပါတယ်။ အိမ်ရှင်တွေကတော့ အများသောအားဖြင့် သကြားလုံးတွေ ကျွေးကြတာ များပါတယ်။ နောင်တစ်နည်းက ”Wearing Costumes” (ဝတ်စုံများ ဝတ်ဆင်ခြင်း) ဖြစ်ပြီး များစွာသော ပုံစံအမျိုးမျိုးနဲ့ မကောင်းဆိုးဝါးဆန်ဆန် အဝတ်အစား အပြင်အဆင်တွေ ကို ဝတ်ဆင်ကြတာဖြစ်ပါတယ်။ အများသောအားဖြင့်တော့ နတ်ဆိုး၊ သရဲ၊ ပြိတ္တာ၊ ဖုတ်ကောင်၊ အရိုးစု၊ သမန်းဝံပုလွေ စတဲ့ပုံစံတွေကို ဝတ်စားပြင်ဆင်လေ့ရှိကြပါတယ်။ ”Making Jack-O-Lantern” ဆိုတာကတော့ ကျွန်တော်တို့ မြင်ဖူးနေကျဖြစ်မယ့် ရွှေဖရုံသီးကို ကြောက်စရာအသွင် ဖန်တီးပြီး ဖယောင်းတိုင်ထည့်ပြီး ထွန်းတဲ့ နည်းလမ်း ဖြစ်ပါတယ်။

Halloween ဆိုင်ရာ ပွဲတော်တွေကို အိုင်ယာလန်၊ စကော့တလန်၊ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျာမနီ၊ ရိုမေးနီးယား၊ ဆွဇ်လန်၊ အီတလီ၊ ဒိန်းမတ် စတဲ့နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလေ့ရှိကြပြီး အရှေ့တိုင်းနိုင်ငံတွေမှာတော့ များများစားစား မတွေ့ရတတ်ပါဘူး။ ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့ အမျှ Halloween ပွဲတော်တွေဟာလည်း ကျွန်တော်တို့နိုင်ငံက သင်္ကြန်ပွဲတော်လိုမျိုးပဲ ပျော်စရာဘက်ကနေ ပျက်စရာအဖြစ် ကူးပြောင်းလာနေတာကိုလည်းတွေ့ရပါတယ်။

Ref: Wikipedia

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top