မြန်မာနိုင်ငံရှိ ငွေဆောင်ကမ်းခြေတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၈ ခုနှစ် Optimist Asian & Oceanian Championship ရွက်လှေပြိုင်ပွဲသို့ နိုင်ငံပေါင်း (၁၆) နိုင်ငံမှ ကစားသမားများ လာရောက်ယှဉ်ပြိုင်ခြင်း

9-7-2020-yyl-036.jpg

၂၀၁၈ ခုနှစ် Optimist Asian & Oceanian Championship (OAOC) ရွက်လှေပြိုင်ပွဲကြီးကို မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ဦးစီး၍ လာမည့်နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်ကမ်းခြေတွင် လက်ခံကျင်းပမည်ဖြစ်ပါသည်။ ဤပြိုင်ပွဲသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာ သက်ငယ်တန်း ရွက်လှေပြိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်ရွက်လှေအားကစားသမားများအတွက်လည်း အလွန်ကောင်းမွန်သော အတွေ့အကြုံများ ရရှိမည် ဖြစ်ပါသည်။ ပြိုင်ပွဲကို Ngwe Saung Yacht Club & Resort တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့မှ (၁၇) ရက်နေ့အတွင်း (၆) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

OAOC ဆိုသည်မှာ ကမ္ဘာ့ရွက်လှေအဖွဲ့ချုပ်အောက်ရှိ ရွက်လှေပြိုင်ပွဲအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သော International Optimist Dinghy Association (IODA) က ဦးစီးပြုလုပ်သည့် နိုင်ငံတကာအသိအမှတ်ပြု ရွက်လှေပြိုင်ပွဲတစ်ရပ်ဖြစ်သည်။ ဤပြိုင်ပွဲတွင် အသက် ၁၅ နှစ်အောက် လူငယ်များအတွက်အသုံးပြုသည့် တစ်ဦးတည်း စီးနင်းရသည့်ရွက်လှေငယ်များဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အာရှ၊ ပစိဖိတ်သမုဒ္ဒရာဒေသနှင့် မြောက်အမေရိက တစ်ဝိုက်မှ လူငယ်ရွက်လှေအားကစားသမားများက လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ တစ်ဦးတည်းရွက်လွှင့်ခြင်းမှ နှစ်ဦးရွက်လွှင့်ခြင်းတို့အထိပြုလုပ်နိုင်သည့် အမျိုးမျိုးသောရွက်လှေအမျိုးအစားတို့ဖြင့် အိုလံပစ်အားကစားသမား ဘဝကို စတင်လိုသော လူငယ်ရွက်လှေကစားသမားများအနေဖြင့် ဤလူငယ် အမျိုးအစားပြိုင်ပွဲကြီးဖြင့် ခြေလှမ်း စတင်နိုင်မည်ဖြစ်သည်။

ဤပြိုင်ပွဲသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲနှင့် ၂၀၁၅ Wave Rider Cup ပြိုင်ပွဲတို့ကို အောင်မြင်စွာကျင်းပခဲ့ပြီးသည့် နောက်တွင် ငွေဆောင် ကမ်းခြေ၌ ထပ်မံကျင်းပမည့် တတိယမြောက်အကြီးမားဆုံး နိုင်ငံတကာပြိုင်ပွဲလည်း ဖြစ်သည်။ Ngwe Saung Yacht Club & Resort ၏ ပြိုင်ပွဲလက်ခံကျင်းပပေးမှု ၊ မြန်မာနိုင်ငံတော် အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အားပေးကူညီမှုတို့ဖြင့် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က ဦးစီးပြီး ကျင်းပမည့် ဤပြိုင်ပွဲတွင် နိုင်ငံပေါင်း (၁၆) နိုင်ငံတို့မှ လူငယ်ရွက်လှေကစားသမား (၁၃၀) ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံ (၁၆) နိုင်ငံမှာ ဩစတေးလျ၊ ကနေဒါ၊ တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနှင့် အမေရိကားနိုင်ငံတို့ဖြစ်သည်။

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၊ ဒုတိယဥက္ကဌ ဦးဖုန်းကျော်မိုးမြင့်က “ဒီလို အစဉ်အလာကြီးမားတဲ့ နိုင်ငံတကာ ရွက်လှေပြိုင်ပွဲကို ကျင်းပခွင့် ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်မိသလို နိုင်ငံတကာအားကစား ပြိုင်ပွဲကြီး တစ်ခုကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ ကျင်းပခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ အားကစားသမားလူငယ်တွေဟာ ကြိုးကြိုးစားစားလေ့ကျင့်နေတာကြောင့် သူတို့ဟာ နိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်မှာ သေချာပါတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။” ဟု ဆိုသည်။ OAOC ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိခြင်းသည် အလွန်တာဝန်ကြီးသော ကိစ္စတစ်ရပ်ဖြစ်ရာ အာဆီယံနှင့် ပစိဖိတ်သမုဒ္ဒရာဒေသနိုင်ငံများသည် အိုလံပစ် အားကစားပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲအများစုတို့ကဲ့သို့ပင် အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရေးအတွက် ဝင်ရောက် ယှဉ်ပြိုင် ရသည်။ ဦးဖုန်းကျော်မိုးမြင့်က ဆက်လက်၍ “ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပခွင့်ရဖို့အတွက် ၂၀၁၆ ခုနှစ်မှာ အိုမန်၊ ကိုရီးယား၊ ယူအေအီး နိုင်ငံတွေနဲ့ယှဉ်ပြိုင်ဖို့ ပေါ်တူဂီဂယ်လ် Optimist World Championship ပြိုင်ပွဲကြီးအထိ ကျွန်တော်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ မြန်မာနိုင်ငံက လက်ခံ ကျင်းပခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်အနေနဲ့ ဒီအစဉ်အလာကြီးမားတဲ့ နိုင်ငံတကာ ရွက်လှေပြိုင်ပွဲ ပြင်ဆင်မှုတွေ လုပ်ခဲ့တာ (၂) နှစ်လောက်ရှိသွားပါပြီ။ အခုဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစင်မြင့်ပေါ် ပြန်တက်ရောက်ဖို့အတွက် အချိန်ကျပြီပဲဖြစ်ပါတယ်။” ဟု ပြောကြားသည်။

မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ထိပ်တန်းရွက်လှေအားကစားသမား (၁၈) ဦးထဲမှ တစ်ဦးအပါအဝင် ဖြစ်သူ မောင်ထက်လင်းဇော်က “OAOC ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော်တို့ အဖွဲ့သားအားလုံးက ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အနိုင်ရဖို့အတွက် ကျွန်တော်တို့မှာ အရည်အချင်း အပြည့်အဝရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။” ဟု ပြောကြားသည်။

မြန်မာအသင်း၌ ပါဝင်ယှဉ်ပြိုင်ကြမည့်သူများတွင် အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၈) ဦးပါဝင်ပြီး ပျမ်းမျှအသက်မှာ (၁၂) နှစ်အရွယ်ရှိကြပြီး အသက်အငယ်ဆုံးအနေဖြင့် (၁၁) နှစ်အရွယ်ကစားသမားတစ်ဦး ပါဝင်ပါသည်။ လက်ရှိ ကမ္ဘာ့ချန်ပီယံ ဖြစ်သော ထိုင်းနိုင်ငံအပါအဝင် အခြားသောထိပ်တန်းနိုင်ငံများနှင့်အတူ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ဤပြိုင်ပွဲသည် မြန်မာ့ရွက်လှေအားကစားသမားများအတွက် အလွန်အမင်းခက်ခဲမည်ဖြစ်သည်။ တရုတ်နှင့် စင်ကာပူနိုင်ငံတို့မှာ ပြီးခဲ့သည့် (၂) နှစ်က အနိုင်ယူထားသော ချန်ပီယံများဖြစ်ကြသည်။ မြန်မာအသင်း၏ နည်းပြဖြစ်သူ အာဂျင်တီးနားနိုင်ငံသား Mr. Juan Ignacio Mazzini က “ဒီ Optimist Class မှာ အာရှက မွေးထုတ်ထားတဲ့ အကောင်းဆုံး လူငယ်ရွက်လှေကစားသမားတွေကို ကမ္ဘာက မြင်တွေ့ရမှာပါ။ အာရှလူငယ်အားကစားသမားတွေက ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်လွှမ်းမိုးထားနိုင်ပြီး ဥရောပနဲ့ အမေရိကားက ပြိုင်ဘက်တွေကိုလည်း အနိုင်ယူထားနိုင်ပါတယ်။ ကျွန်တော့်အဖွဲ့အတွက်တော့ ဒီပြိုင်ပွဲဟာ ခက်ခဲမှာမှန်ပေမယ့် ကျွန်တော့်ရဲ့ ကစားသမား တွေက အိမ်ရှင်ဖြစ်တယ်ဆိုတဲ့အားသာချက်ကို အသုံးချပြီး ကောင်းကောင်းယှဉ်ပြိုင် သွားနိုင်မယ်ဆိုတာ ကျွန်တောတ်ို့ ယုံကြည်ပါတယ်။” ဟု ဆိုသည်။

နိုင်ငံတကာရွက်လှေပြိုင်ပွဲတစ်ရပ်ကျင်းပနိုင်ရေးကုန်ကျစရိတ်များသည် အဆမတန်ကြီးမြင့်သော်လည်း အဓိက ပံ့ပိုး ကူညီကြသူများဖြစ်ကြသော MPRL E&P Pte Ltd. နှင့် Bangkok Bank Ltd., တို့၏ ပံ့ပိုးကူညီမှုကြောင့် မြန်မာနိုင်ငံရွက်လှေ အသင်းချုပ်အနေဖြင့် ဤပွဲကိုဖြစ်မြောက်အောင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ပွဲဖြစ်မြောက်ရေးအတွက် မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော Toshiba ၊ Pocari Sweat ၊ Enervon-C နှင့် Trash Hero Myanmar တို့မှ ထောက်ပံ့ကူညီပေးထားကြသည်။ ငွေကြေးပံ့ပိုးမှုသာမက ပွဲဖြစ်မြောက်ရေးစီမံမှုများ အတွက်ပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့သည်။ ဤပြိုင်ပွဲကြီး ဖြစ်မြောက်ရေးအတွက် ဖော်ပြပါအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း အရေးပါလှသည်။

မြန်မာနိုင်ငံရွက်လှေအသင်းချုပ်အနေဖြင့် ရွက်လှေအားကစားကို လူအများစိတ်ဝင်စားလာစေရေး၊ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များ ခိုင်မာလာစေရန် တည်ဆောက်နိုင်ရေးနှင့် ရွက်လှေအားကစားဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် အထောက်အပံ့များ ပိုမိုတိုးတက် လာစေရေးတို့ကို ရည်ရွယ်ကာ ဤကဲ့သို့ နိုင်ငံတကာပြိုင်ပွဲများကျင်းပရခြင်းဖြစ်သည်။ ထို့အပြင် ဤကဲ့သို့သောနိုင်ငံတကာပြိုင်ပွဲများ ကျင်းပရခြင်းအားဖြင့် နိုင်ငံတကာခရီးသွားများကို ငွေဆောင်ကမ်းခြေ ကဲ့သို့သောနေရာများသို့ လာရောက်လည်ပတ်ရန် ဆွဲဆောင် နိုင်မည်ဖြစ်သကဲ့သို့၊ နိုင်ငံတကာမီဒီယာများ အနေဖြင့် လည်း မြန်မာနိုင်ငံနှင့် စပ်လျဉ်းသောသတင်းများဖော်ပြရာတွင် ပို၍အပြုသဘော ဆောင်သော အကြောင်းအရာများ ရရှိလာမည်ဖြစ်သည်။

{gallery}ysc2018{/gallery}

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top