မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို စတင်ဖွင့်လှစ်လိုက်ပြီ

yyl-003-4.jpg

မြန်မာ့ရုပ်ရှင်ရာပြည့်လှုပ်ရှားမှုတစ်ရပ်အနေနဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ နှစ် ၁၀၀ သက်တမ်းအတွင်းက ရုပ်ရှင်အမွေအနှစ်တွေကို တစ်စုတစ်စည်းတည်း လေ့လာနိုင်မယ့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီရုပ်ရှင်သမိုင်းပြတိုက်ဟာ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းမှာရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွင်းမှာ တည်ရှိတာဖြစ်ပြီးတော့ စနေ၊ တနင်္ဂနွေနဲ့ အများပြည်သူရုံးပိတ်ရက်တွေမှာ နံနက် ၉ နာရီကနေ ညနေ ၄ နာရီ အထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

”ရုပ်ရှင်ချစ်တဲ့သူတွေအနေနဲ့ ရုပ်ရှင်သမိုင်းပြတိုက်ကို လာလေ့လာဖို့ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မမှီတဲ့ခေတ်တွေရော၊ မြန်မာ့ရုပ်ရှင် ရှမ်းရှမ်းတောက်ဖြစ်ခဲ့တဲ့ ရွှေခေတ်တွေရော၊ ဒီဘက်ခေတ်ရော အားလုံးလေ့လာလို့ရတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်မှာ ရုပ်ရှင်အမွေအနှစ်ပစ္စည်းတွေကို ငွေရတုပြခန်း၊ ရွှေရတုပြခန်း၊ စိန်ရတု ပြခန်း၊ ရာပြည့်ပြခန်း၊ Animation နဲ့ အထွေထွေအထောက်အကူပြုပြခန်း၊ ရုပ်ရှင်စက်မှုပြခန်း၊ ရုပ်ရှင်ထူးချွန်ဆု ပြခန်း စတဲ့ ပြခန်း ၇ ခန်းနဲ့ ပြသထားတာ ဖြစ်ပါတယ်။

”မြန်မာ့ရုပ်ရှင်ဟာ တကယ့်ကို တီထွင်ကြံဆပြီး ကြိုးစားပမ်းစားနဲ့ ရိုက်လာခဲ့ရတယ်ဆိုတာကို တွေ့ရတယ်။ ခက်ရာခက်ဆစ်နဲ့ ဖန်တီးခဲ့ရတာလေးတွေကို တွေ့လိုက်ရတော့လည်း ရင်ထဲမှာ စိတ်လည်း မကောင်းသလို၊ ဝမ်းလည်း ဝမ်းသာတယ်”လို့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်က ပြောပါတယ်။

မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဟာ ရုပ်ရှင်ချစ်သူတွေဆီက ရရှိခဲ့တဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ခေတ်အဆက်ဆက် စုဆောင်းရရှိထားတဲ့ ကင်မရာတွေ၊ ဖလင်တွေ၊ ရုပ်ရှင်ရိုက်ကွင်းသုံးပစ္စည်းတွေ၊ ဓာတ်ပုံတွေကို ခင်းကျင်းပြသရာကနေ ၁၉၉၈ ခုနှစ်မှာ ပြတိုက်အဖြစ် စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာ ပြတိုက်အဆောက်အဦးရဲ့ တချို့အစိတ်အပိုင်းတွေ ယိုယွင်းပျက်စီးလာတဲ့အတွက် အဆောက်အဦး အတွင်းအပြင်ကို သိန်း ၂၀၀၀ လောက် အကုန်အကျခံပြီး ပြန်လည်ပြုပြင်မွမ်းမံခဲ့ရပါတယ်။

အခုလို ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ ရုပ်ရှင်သမိုင်းပြတိုက်ကို ဒီနေ့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြီး ဒီပြတိုက်အဆောက်အဦးကို မြို့ပြအမွေအနှစ်ပုံစံနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားဖို့လည်း အစီအစဉ်ရှိနေကြ ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top