ပိန်လွန်းလို့ စိတ်ညစ်နေသူတွေအတွက် ထိရောက်တဲ့ သဘာဝ ဝိတ်တက်နည်း

skinny-girl-and-baggy-jeans-PCACNPE.jpg

လူတစ်ယောက်မှာ အရပ်နဲ့ ခန္ဓာကိုယ် အချိုးအစားအလိုက် ညီမျှတဲ့ ကိုယ်အလေးချိန် ရှိသင့်ပါတယ်။ တစ်ခါတလေ ဝိတ်ချရတာထက် ဝိတ်တက်ဖို့က ပိုလို့ခက်နေတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။

ဘယ်လောက်စားစား ‘ဝ’ မလာတာဟာ ဘုရားပေးတဲ့ ဆုလာဘ်ဆိုပေမဲ့ တချို့လူတွေကတော့ ပိန်တာကိုပဲ လာလာခလုတ်တိုက်တတ်ကြပါတယ်။ ပိန်တိုင်းလည်း ကျန်းမာရေး မကောင်းလို့ မဟုတ်သလို စိုပြေ ဝဖြိုးနေတိုင်းလည်း ကျန်းမာရေး ကောင်းနေတယ် ပြောလို့မရပါဘူး။ ဒါကြောင့် ပိန်လွန်းလို့ စိတ်ညစ်နေတဲ့ ကိုကို မမတွေအတွက် သဘာဝ ဝိတ်တက်နည်းတွေကို ပြောပြပါမယ်။

ခန္ဓာကိုယ်အလေးချိန် တိုင်းတာပါ

သိပ္ပံပညာရှင်တွေကတော့ အရမ်းပိန်လွန်းတယ်ဆိုတာ ကိုယ်အလေးချိန် ကွာဟချက် များနေတာကြောင့် လို့ဆိုကြပါတယ်။ ဆိုလိုချင်တာက BMI (bodymassindex) က ၁၈.၅ အောက် ရောက်နေတာကို ပြောတာပါ။ ကျန်းမာသူ တစ်ယောက်ရဲ့ BMI က ၁၈.၅ နဲ့ ၂၄.၉ ကြား ရှိရမှာဖြစ်ပြီး ၂၅ထက် ကျော်ရင်တော့ အဝလွန်နေပြီဆိုတာ သိနိုင်ပါတယ်။

အစားများများစားပါ

ဖြစ်နိုင်ရင် အဆီများတဲ့ ထောပတ်နဲ့ ချိစ်တို့လို အစားအစာတွေ စားသုံးပေးပါ။ ကော်ဖီသောက်တဲ့အခါ နို့မှုန့် ဒါမှမဟုတ် နွားနို့ရောပြီး သောက်သုံးပါ။ ပေါင်မုန့်၊ အခွံမာသီး၊ အာလူး၊ မြေပဲ ထောပတ်စတာတွေ ပမာဏများများ စားသုံးပေးပါ။

နှစ်ခြိုက်စွာ အိပ်စက်ပါ

ကောင်းမွန်တဲ့ အိပ်စက် အနားယူမှုဆိုတာ ကိုယ်အလေးချိန်နဲ့ ကြွက်သား ကြီးထွား သန်မာမှုအတွက် အလွန်အရေးပါပါတယ်။ ညဘက် စောစော အိပ်ရာဝင်ပြီး အိပ်ချိန် (၈) နာရီပြည့်ဖို့က အရေးကြီးပါတယ်။

ပန်းကန်ပြားကြီးကြီးနဲ့ စားပါ

လူသား ဦးနှောက်ဆိုတာ ရှုပ်ထွေးတဲ့အရာ တစ်ခု ဖြစ်ပါတယ်။ တစ်ခါတလေ ကျွန်မတို့ ဖြစ်ချင်တဲ့ အရာတွေအတွက် ဦးနှောက်ကို လှည့်စားလို့ရပါတယ်။ ဝိတ်ကျဖို့အတွက် ပန်းကန်ပြား သေးသေးနဲ့ စားရမယ်ဆိုရင် ဝိတ်တက်ချင်ရင်တော့ ဆန့်ကျင်ဘက် ပြုလုပ်ရမှာပါ။ ပန်းကန်ပြား ကြီးလေလေ ထည့်ထားတဲ့ ပမာဏကို များတယ်လို့ ထင်လေဖြစ်အောင် ဖန်တီးပေးပါတယ်။

ကိုယ်ကာယ ကြံ့ခိုင်မှု ရှိပါစေ

ကိုယ်ကာယ ကြံ့ခိုင်မှုကလည်း ကိုယ်အလေးချိန် တက်စေတဲ့နေရာမှာ အရေးပါပါတယ်။ တစ်ပတ်ကို ၃ ကြိမ်ထက်ပိုပြီး ကြွက်သား လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး ။ လေ့ကျင့်ခန်း မလုပ်ဘဲ နားနေတဲ့အခါ ကြွက်သားတွေ ကြီးထွားလာနိုင်ပါတယ်။

တစ်နေ့မှာ သုံးကြိမ်ထက်ပိုပြီး အစားစားပါ

မကြာခဏ အစားစားပေးလေ ပိုကောင်းလေပါပဲ။ အာဟာရကြွယ်ဝတဲ့ အစားအစာကို တစ်နေ့ သုံးနပ် အနိမ့်ဆုံးစားပြီး ကြားထဲမှာ ကယ်လိုရီများတဲ့ သွားရည်စာတွေ စားသုံးပေးလို့ရပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတိန်း များများ စားသုံးပေးဖို့လည်း လိုအပ်ပါတယ်။

ပရိုတိန်း ရွေးချယ်မှု မှန်ကန်ပါစေ

ဝိတ်တက်ချင်ရင်တော့ ပရိုတိန်းက အရေးအကြီးဆုံး အာဟာရ တစ်ခုပါပဲ။ ပရိုတိန်းပါဝင်တဲ့ အစားအစာတွေက ကြက်သား၊ ဝက်သား၊ အမဲအသည်း၊ ကြက်အသည်း၊ ကြက်ဥ၊ ဆော်လမွန်ငါး၊ တူနာငါး၊ ကင်းမွန်၊ ဂဏန်း၊ ချိစ်၊ ပဲလုံး၊ ပဲနီလေး၊ ပဲတောင့်ရှည်၊ ဗာဒံစေ့နဲ့ သစ်ကြားသီးတို့ပဲ ဖြစ်ပါတယ်။

စိတ်ကို ငြိမ်ငြိမ်ထားပါ

စိုးရိမ်မှု အရမ်းများတဲ့ အခါ အာရုံကြောစနစ်က နှလုံးခုန် မြန်စေအောင် ဖန်တီးပါတယ်။ ဒါကြောင့် စိတ်ကို ငြိမ်အောင်ထားပြီး ယောဂလေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းနဲ့ တရားထိုင်ခြင်းတို့ကို ပြုလုပ်ပါ။

ဒီအချက်တွေ အားလုံးလိုက်နာနိုင်ရင်တော့ ဝိတ်တက်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမှာပါ ကိုကို မမတို့ရေ ….

Ref: Rd “Effective ways to gain weight naturally”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top