အသင့်သောက်နို့တွေဟာ ကလေးတွေအတွက်ကောင်းပေမဲ့ မမြင်နိုင်တဲ့အန္တရာယ်တွေရှိနိုင်

1-1.jpg

ငယ်ငယ်ကတည်းက နို့တွေဆိုရင် ကယ်(လ်)ဆီယမ်ဓာတ်တို့ ပရိုတင်းဓာတ်တို့ ပါဝင်လို့ အရိုးတွေခိုင်မာပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်လို လူကြီးတွေ ပြောတာတော်တော်များများကြားဖူးကြမှာပါ။ ဒါကြောင့်လည်း နို့ကိုတစ်နေ့တစ်ခွက် အမြဲအတိုက်ခံရဖူးကြမှာပါ။ ဒါပေမဲ့ နို့တွေဟာပြောနေကျအတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာသေချာရဲ့လား။

နို့တွေထဲမှာ ကလေးတွေအတွက် လူသိများတဲ့အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်(လ်)ဆီယမ်၊ ပရိုတင်း၊ ဗီတာမင်၊ ကာဘိုဟိုက်ဒရိတ်နဲ့ အခြား အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နောက်ပြီးနို့တွေမှာ Lactose လို့ခေါ်တဲ့ နို့သကြားဓာတ်လည်းပါဝင်ပြီး တစ်ခါတလေ ပိုချိုအောင်ဆိုပြီး ထပ်ဆောင်းသကြား Sucrose တွေလည်းထည့်လေ့ရှိပါတယ်။ သောက်နေကျနို့တစ်ခွက်မှာ သကြားပါဝင်တဲ့ပမာဏကို အမှတ်မထင် ကြည့်မိရင်တော့ သိပ်ပြီးမများတဲ့ ပမာဏလို့ ထင်မိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုမျိုး နို့တစ်ခွက်ကို နေ့တိုင်းသောက်မယ်ဆိုရင်တော့ နည်းနည်းစိုးရိမ်ရပါပြီ။

လေ့လာတွေ့ရှိချက်တွေအရ ကလေးတွေဟာ သကြားများများစားသုံးမိရင် “sugar addiction” လို့ခေါ်တဲ့ သကြားဓာတ်ကိုစွဲလမ်းတတ်ပြီး စိတ်ကျန်းမာရေးအရရော ကိုယ်ကျန်းမာရေးအရရော ထိခိုက်စေပါတယ်။ ကလေးတွေကသကြားများများစားသုံးမိရင် စိတ်တိုလွယ်တာတွေ၊ နောက်ပြီးရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေဖြစ်တဲ့ ကတုန်ကယင်ဖြစ်ခြင်း၊ လှုပ်ရှားမှုပုံစံတွေ ပြောင်းလဲခြင်း၊ hyperactive ဆိုတဲ့ သာမန်ထက်ပိုတက်ကြွခြင်း၊ စတဲ့ အပြုအမူတွေကိုတွေ့မြင်ရတတ်ပါတယ်။

သကြားပုံမှန်စားခြင်းက အဝလွန်ခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်းနဲ့ သွားပိုးစားခြင်းစတဲ့ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး လေ့လာတွေ့ရှိချက်တွေအရ ကလေးတွေအတွက် သကြားဓာတ်ကို သာမန်ထက် ပိုစားသုံးခြင်းက ကလေးအဝလွန်ရောဂါ ဖြစ်ပွားနိုင်ပြီး အဝလွန်ခြင်းကြောင့် ဖြစ်စေတဲ့ ကျန်းမာရေးချို့တဲ့မှုတွေ ဖြစ်စေနိုင်ပါတယ်။ သကြား (၁) ဂရမ်ဟာကယ်လိုရီ ၄ ခုနဲ့ညီမျှပါတယ်၊ ဒါကြောင့် နို့တစ်ခွက်မှာသကြားဓာတ် (၁၅) ဂရမ်ပါဝင်ရင် နဂိုနို့မှုန့်ထဲမှာပါဝင်တဲ့ ကယ်လိုရီတွေအပြင် ကယ်လိုရီ (၆၀) ပိုတောင်များသွားပါသေးတယ်။

လူတိုင်းက အာဟာရဓာတ်ချို့တဲ့တယ်လို့ပြောလိုက်ရင် အာဟာရလုံလုံလောက်လောက် မရတဲ့ကလေးတွေကိုပဲ ပြေးမြင်ကြပါတယ်။ အမှန်ကအဲဒီလိုချည်းပဲမဟုတ်ပါဘူး။ အာဟာရဓာတ်ချို့တဲ့တယ်ဆိုတာ လိုအပ်တဲ့ အာဟာရဓာတ်လုံလုံလောက်လောက်မရရင်၊ ဒါမှမဟုတ် အာဟာရဓာတ်ကိုလိုတာထက်ပိုရခဲ့ရင် (ဥပမာသကြားကိုလိုတာထက်ပိုစားသုံးမိသွားရင်) ဒါတွေကိုလဲအာဟာရဓာတ်ချို့တဲ့တာလို့ ပြောလို့ရပါတယ်။ ဒါကြောင့် တကယ်လို့ ကလေးက နည်းနည်းဝနေရင်တောင်မှ သကြားဓာတ်များတဲ့နို့ကို ထပ်ခါတလဲလဲ သောက်သုံးမိနေရင် အခြားပါဝင်တဲ့ ကယ်(လ်)ဆီယမ်ဓာတ်တို့ သံဓာတ်တို့ လုံလုံလောက်လောက် မရနိုင်ပါဘူး။

အဖြစ်များဆုံးနဲ့ လူသိအများဆုံး သကြားကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာကတော့ သွားပိုးစားတာပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ သကြားဓာတ်ပါဝင်တဲ့ အရည်တွေ၊ အစားအသောက်တွေ စားသုံးတာများရင်တော့ သွားပိုးစားခြင်း ဖြစ်နိုင်ချေပိုများပါတယ်။ သွားပိုးစားခြင်းက ကလေးတွေရဲ့ သွားကိုအပေါက်ဖြစ်နိုင်တဲ့အတွက် ဖာတေးပေးခြင်း၊ လိုအပ်လာရင် သွားပါနှုတ်ရတဲ့အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။ တစ်ကယ်လို့ သွားပိုးပေါက်တွေကိုသေချာဂရုမစိုက်မိဘူးဆိုရင် ကလေးတွေကအပြင်းဖျားနိုင်ပြီးအခန့်မသင့်ရင် အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး နို့နဲ့ အသင့်သောက်နို့တွေကို များစွာတိုက်ကျွေးခြင်း၊ အမှတ်တံဆိပ်များနဲ့ ပါဝင်ပစ္စည်းတွေကို သေချာစွာသတိမပြုမိခြင်းများ မပြုလုပ်ဘဲ သကြားပါဝင်နှုန်းကို မိခင်များနဲ့ အုပ်ထိန်းသူများသတိချပ်မိစေဖို့က အင်မတန်အရေးကြီးပါတယ်။ မိမိကလေးတွေရဲ့ ကျန်းမာရေးအတွက် သကြားမပါဝင်တဲ့နို့မှုန့်တွေကိုပဲ ဝယ်ယူသုံးစွဲကြစေဖို့ တိုက်တွန်းလိုက်ရပါတယ်။

Ref: healthyeating.sfgate.com, verywellfamily.com
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top