ကောင်းမွန်လာဖို့မျှော်လင့်နေရဆဲ စိတ်ဓာတ်နဲ့ စည်းကမ်းများ

15.7.2019.jpg

တစ်ရက် မနက်စာစားပြီး ရုံးသွားခါနီး အိမ်နောက်ဖေးဘေစင်မှာ လက်ဆေးနေတယ်။ ဆေးနေရင်းတန်းလန်း “ဘုတ်” ဆိုပြီးတော့ အပေါ်ကနေ ပစ်ချသံတစ်ခု ကြားရပါတယ်။ ဒါတောင် ကျွန်တော်နေတာ (၅) လွှာပါ။ (၅) လွှာကနေတောင် (၆) လွှာကနေ ပစ်ချတဲ့အမှိုက်သံကို အကျယ်ကြီး ကြားရတယ်။ ပြတင်းပေါက်ကလည်း ဖွင့်ထားတော့ လေထဲဝဲကျနေတဲ့အရာခပ်ကြီးကြီးတစ်ခုကို မြင်လိုက်ရတယ်။ ကြီးတာပေါ့။ အသံတောင် ဒီလောက်ကျယ်တာ အထဲမှာ ဘယ်လောက်တောင်ပါမလဲ ဆိုတာ ခန့်မှန်းကြည့်ပေါ့။ အဲဒီအဖြစ်က စမ်းချောင်းမှာဖြစ်ခဲ့တာပါ။

စမ်းချောင်းဆိုတာ လူစည်ကားတဲ့ အချက်ချာကြတဲ့နေရာထဲကတစ်ခုပါပဲ။ တာမွေမှာ၊ လှည်းတန်းမှာ၊ အလုံမှာ အားလုံး ဒီအတိုင်းချည်းပဲ။ အထက်မြင့်မှာသာ နေတယ်။ အမှိုက်ပစ်ချသံတွေကို အမြဲကြားနေရပါတယ်။ တကယ်တမ်း အဲဒီအမှိုက်ပစ်တဲ့သူတွေရဲ့ဥပဓိရုပ်တွေကို သွားရင်းလာရင်းမြင်ရင်တော့ မထင်ရက်စရာ သန့်သန့်ပြန့်ပြန့်တွေပါပဲ။ သည်တော့ နယ်စွန်နယ်ဖျားဒေသတွေမှာနေတဲ့သူတွေပဲ စည်းကမ်း အားနည်းတတ်တာ မဟုတ်ပါဘူး။ မြို့လယ်ခေါင်မှာ အဆင့်တန်းရှိရှိနေနေသူတွေဟာလည်း စည်းကမ်း အင်မတန်အားနည်းတတ်ကြပါတယ်။ အဲဒီလိုပစ်လိုက်တဲ့အမှိုက်ကနေ ဆိုးကျိုးတွေကိုပြန်ရမှာက အခြားလူ မဟုတ်ပါဘူး။ ကိုယ်ပါပဲ။ အဆိုးဆုံးကတော့ အောက်ဆုံးထပ်က ပိုရပါမယ်။ အနီးဆုံး ဖြစ်နေတာကိုး။ ပထမ တစ်ချက် ခြင်ပေါလာမယ်။ ဒုတိယတစ်ချက် ကြွက်ပေါမယ်။ နောက်တော့ ဘာတွေပေါမလဲစဉ်းစားကြည့်ပေါ့။ ရန်ကုန်မှာ အပေါဆုံးတိရစ္ဆာန်ကို ပြောပါဆိုရင် ခွေးမဟုတ်ဘဲ ကြွက်ပဲ ဖြစ်ပါလိမ့်မယ်။ လမ်းသွားလိုက်ရင် ကြွက်သေပုပ်တွေ မြင်ဖူးကြမှာပါ။

အမေရိကန်က နယူးယောက်မြို့မှာလည်း ကြွက်တွေရှိနေပါတယ်။ အဲဒီကြွက်တွေက မြေအောက် ရေဆိုးစွန့်လမ်းကြောင်းတစ်လျှောက်မှာ နေတာများတယ်။ ဒီတော့ ကြီးမားတဲ့မြူနီစီပယ်ကြီးမှာ ကြွက်နဲ့ အခြားသော Pest တွေကို ထိန်းချုပ်ဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ သူတို့ဆီမှာ ကြွက်တွေဟာ အတင့်ရဲပြီး လမ်းပေါ်မှာမရှိနေဘူး။ သေနေတာမျိုးမရှိဘူး။ လမ်းတွေသန့်ရှင်းတယ်။ ဒါဟာ အမှိုက်ရှင်းစနစ် ကောင်းတာကြောင့်ဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်မြို့ရဲ့ အမှိုက်ပစ်တဲ့စနစ်ကို ပြောပါဆိုရင် တောင်ကြီးကို အတုယူဖို့ ပိုသင့်တော်ပါတယ်။ တောင်ကြီးမှာဆိုရင် အမှိုက်ပစ်ဖို့အတွက် ပုဂ္ဂလိကကုမ္မဏီကို ပေးထားပြီး ပုဂ္ဂလိကကုမ္မဏီက မနက်တိုင်း သူတို့ဆီမှာ မန်ဘာဝင် လစဉ်ကြေး ပေးထားတဲ့ရပ်ကွက်တွေမှာ သွားပြီး အမှိုက်ကိုယူပါတယ်။ အမှိုက်ပစ်စနစ် အင်မတန်ကောင်းတာကြောင့် တောင်ကြီးဟာ သန့်ရှင်းပါတယ်။ သို့ဖြစ်သည့်တိုင် တချို့ မြောင်းတွေမှာ အမှိုက်တွေ မြင်နေရတုန်းပါပဲ။

ရန်ကုန်ဟာ လူဦးရေ အင်မတန်ထူထပ်တာကြောင့် စွန့်ပစ်အမှိုက်တွေကို စုစည်း ရှင်းလင်းဖို့ဟာဆိုရင် အင်မတန်ကြီးမားတဲ့အလုပ် ဖြစ်နေပါတယ်။ ရန်ကုန်ရဲ့ ရပ်ကွက်တစ်ကွက်ဟာဆိုရင် တောင်ကြီးတစ်မြို့စာ လူဦးရေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါကြောင့်မို့ အမှိုက်ရှင်းတဲ့စနစ်ဟာလည်း ကောင်းကောင်း ရှိသင့်ပါတယ်။ မရှိတော့ကော ဘာဖြစ်လဲပေါ့။ ကျွန်တော်တို့က အနီးဆုံးအမှိုက်စုရပ်ဆီကို အမှိုက်တွေကို စုစည်းပြီးတော့သယ်သွားမယ်။ သွားပစ်မယ်။ နောက်ဖေး လုံးဝ လုံးဝ မပစ်ဘူး။ တာဝန်သိတဲ့ နိုင်ငံသားတစ်ယောက်အဖြစ်ခံယူ၊ စည်းကမ်းမဲ့လုပ်ချင်တဲ့စိတ်တွေကို ပယ်သတ်ပြီးစည်းကမ်းရှိအောင် နေကြသင့်ပါတယ်။

ကားမောင်းရင်လည်း ကိုယ်သွားချင်တဲ့ယာဉ်ကြော သေချာပြီးရင် အဲဒီတစ်ကြောကို အသေမောင်းတယ်။ မီးပွိုင့်နီးမှ ဘက်ပြောင်းတာတို့။ အမြန်သွားနေတဲ့လမ်းကို ကွေ့တက်ပြီး ဟိုပြောင်းဒီပြောင်းတို့ မလုပ်ဘူး။ တကိုယ်ကောင်းဆန်၊ စည်းကမ်းမဲ့သူတွေကတော့ ကိုယ်အဆင်ပြေဖို့အတွက် တစ်စီးလောက် တစ်စီးလောက်နဲ့ ဝင်ကြတယ်။ အနောက်မှာ သူ့ထက် အဆ (၁၀၀) အရေးကြီးတဲ့ သူတွေရှိနေတာသူမသိဘူး။ အထူးသဖြင့် ဘတ်စ်ကားအချို့။ လမ်းကြောကို ဖြစ်သလိုယူ၊ မီးပွိုင့်ဖြတ်နေတာတောင် တစ်စီးလောက်ဆိုပြီး လမ်းဆုံမှာ လမ်းတောင်းပြီး နေရာအတင်းယူကြရအောင် အတော်လေးစည်းကမ်းပျက်ကြပါတယ်။

လမ်းလျှောက်ရင် အနံဆိုးတွေရတယ်။ ကားမောင်းရင် စိတ်ပျက်ရတယ်။ ပြောမယ်ဆိုရင် နေရတာ မနှစ်မြို့စရာ၊ စိတ်မကျေနပ်စရာတွေ အများကြီးပါ။ ဒါပေမဲ့ ကျွန်တော်တို့ သည်းခံရပါတယ်။ ဘာလို့လဲဆိုတာ ကျွန်တော်တို့ဟာ Responsible Citizen ဖြစ်ဖို့လိုပါတယ်။ သူများမကောင်းတာလုပ်တိုင်း လိုက်လုပ်ရမယ့်သူတွေ မဟုတ်ဘူး။ သူများစည်းကမ်းဖျက်တိုင်း ကိုယ်စည်းကမ်းမပျက်ရဘူး။ ကိုယ်ကိုယ်တိုင်စည်းကမ်းနဲ့ နေထိုင်ပြ၊ နည်းမှန်လမ်းမှန်နဲ့ လုပ်ကိုင်ပြမှ နောက်လူတွေ ပြောင်းမယ်။ ဒါမှလည်း တိုင်းပြည်ဟာ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာမှာ ဖြစ်ပါတယ်။

တိုင်းပြည်တိုးတက်ဖို့အတွက် လူတော်တွေချည်းလိုတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ကောင်းတဲ့သူတွေကိုပါ လိုအပ်ပါတယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုတဲ့ မြန်မာ့ပညာရေးရဲ့ ခံယူချက်ဟာ အင်မတန်မှန်ပြီး ကောင်းလှပါတယ်။ ဒါပေမဲ့ လူတိုင်း စိတ်ဓာတ်ကောင်းဖို့ ၊ စည်းကမ်းကောင်းဖို့က ဘယ်လောက်ထိ အချိန်ကြာနေဦးမယ်ဆိုတာကိုတော့ တွေးရင်းနဲ့ မောနေရဆဲပါပဲ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top